Header Ads

test

ချင်းလူမျိုးနှင့် ရှေးဟောင်း ယဉ်ကျေးမှု ဆက်နွယ်မှု

သမိုင်းမတိုင်မီက ချင်းတွင်းမြစ်ဝှမ်းတွင် လူမျိုးတစ်အုပ်စု အရှေ့ဘက်စမုံမြစ်ဝှမ်းနှင့် အပေါ်တစ်လျှောက်တွင် တစ်အုပ်စုဟူ၍ အကြမ်းအားဖြင့် တွေ့ရှိပေသည်။ 

ထိုအချက်နှင့်ဆက်စပ်၍ ကျောက်ခေတ်နှောင်းနှင့် ကြေးခေတ်ကတည်းက ရှေးမြန်မာအနွယ်ဝင် အစောပိုင်း ချင်းတို့သည် အနောက်မြောက် လမ်းကြောင်းဖြင့် ဧရာဝတီမြစ်ဝှမ်းအတိုင်း စုန်ဆင်းလာကြဟန် ရှိပေသည်။ တကောင်းဒေသသို့ အဘိရာဇာနှင့် နောက်လိုက် ဗိုလ်ပါများ ဝင်ရောက်လာစဉ်က ဒေသခံလူများကို စည်းရုံးလျက် မြို့ရွာများ တည်ထောင် ကြောင်းတွေ့ရသည်။ ထို့အပြင် တကောင်းမြို့သည် သက်လူမျိုးတို့၏ အခြေပြု ဒေသဟု လည်းကောင်း၊ ကတူး(ကဒူး) ကနန်း လူမျိုးများလည်း ပါဝင်ကြောင်း တွေ့ရသည်။

အဘိရာဇာမင်းကြီး၏ သားတော် ကံရာဇာကြီးသည် ဧရာဝတီကို စုန်ဆင်းလာရာ ပျူ၊ သက်၊ ကမ်းရံတို့က ဘုရင် တောင်းသည်ဟု ဆိုသည်။ ထိုအချိန်၌ အလယ်ပိုင်း တစ်လျှောက်တွင် တိုင်းရင်းသားများ ရှိနေနှင့်ကြောင်းလည်း ဆိုနိုင်ပါသည်။ ကံရာဇာမင်းကြီး နောက်ပိုင်း နှစ် ၅၀ အကြာတွင် အိန္ဒိယမှ မန္ဒသာမင်း၏ သားတော် နာဂဒသာသည် နောက်လိုက်ဗိုလ်ပါများဖြင့် ရာဇဂြိုဟ်တွင် နွယ်ပတ်မြို့ဟုခေါ်ကာ မင်းပြုသည်။ 

သားတော်ကစ္စနမင်းသည်လည်း ချင်းတွင်းမြစ် အရှေ့ဘက်တွင် မဟာဝုန် မြို့ကိုတည်စဉ် သက်၊ ကစက်၊ မလင် အင်ကြယ်၊ ကွမ်းရင် လူမျိုးများ ရှိကြောင်းလည်း ဆိုပြန်သည်။ ကံရာဇာကြီး၏ သားတော် မုဒုစိတ္တကား ဧရာဝတီမြစ်အနောက်ဘက် လယ်ကိုင်း၊ စကုစသော သုနာပရန္တတိုင်း၌ ပျူ၊ ကမ်းရံ၊ သက်တို့အပေါ် မင်းပြုသည်ဆိုသောကြောင့် ၎င်းတို့မှာ ရှေးဦး မွန်ဂိုလွိုက်- တိဘက် - မြန်မာ အရှေ့ဘက်လမ်းကြောင်းမှ ဆင်းသက်လာသော အနွယ်ဖြစ်ပေသည်။

၎င်းအချိန်သည် ရှေးဟောင်းချင်း အနွယ်မှလွဲ၍ မည်သည့်တိဘက်-မြန်မာအစုဝင်များ၊ ရှမ်းအနွယ်များ မဝင်ရောက်ရသေးသောကြောင့် အထက်ဖော်ပြပါ ရှေးဟောင်း ပျူ၊ ကမ်းရံ၊ သက်ဟု ရာဇဝင်ဆရာတို့ဆိုသော လူတို့မှာ ရှေးဟောင်း ချင်းအနွယ် ရှေ့ဘက်လမ်းကြောင်းမှ တောင်ပိုင်း ချင်းအုပ်စုဝင် ဖြစ်ပေသည်။ ထိုအချိန် (အဘိရာဇာ တကောင်းတည်ချိန်) တွင် မြန်မာနိုင်ငံ အထက်ပိုင်း အရှေ့တွင် ပျူလူမျိုး၊ အနောက်ဘက်နှင့် တောင်ဘက်တွင် ကမ်းရံလူမျိုး၊ မြောက်ဘက်တွင် သက်လူမျိုးများရှိသည်ဟု ဆိုသည်။ 

၎င်းအားဖြင့် စမုံမြစ်ဝှမ်းဒေသ၌ ရှေးခေတ်ဟောင်းလူများ နေထိုင်ကြကြောင်း တွေ့မြင်နေရပေသည်။ ထို့ကြောင့် အလယ်ပိုင်းကို ဖြတ်သန်းဝင်ရောက်လာသော တောင်ပိုင်း အနွယ်စုကြီး၏ ဝင်ရောက်လာရာ လမ်းကြောင်းကို ခန့်မှန်းနိုင်ပေသည်။ မန္တလေး စမုံမြစ်ဝှမ်းတစ်လျှောက်ရှိ ကြေးခေတ်အတွင်းတွင် တောင်ဘက်အုပ်စုကြီး ဝင်ရောက် ရောနှောနေပေဦးမည်။ ၎င်းတို့ကို ပျူဟူ၍လည်းကောင်း၊ အရှေ့မြောက်မှ ထပ်မံ ဝင်ရောက်လာသော တိဘက်-မြန်မာ ရောနှောလာခြင်းကို လည်းကောင်း ပျူဟုခေါ်ပေသည်။ 

တောင်ဘက်အုပ်စုကြီးသည် နောက်ဝင်လာသော အနွယ်များကို နေရာပေးရင်း အဓိကအုပ်စုနှစ်စုကွဲမည်ဟု ယူဆရသည်။ ချိုးအုပ်စုချင်းပုံ နှင့် အရှိုအုပ်စုတို့ဖြစ်နိုင်ပေသည်။ ၎င်းတို့၏ ဘာသာစကားမှာ အလွန်ပင်နီးကပ် ယှဉ်တွဲလျက်ရှိသကဲ့သို့ နှုတ် ရာဇဝင်တွင် မိမိတို့မူလဒေသဆိုင်ရာ ပုပ္ပါး၊ ကျောက်ဆည် သို့ပင် ညွှန်ပြပေသည်။

အရှိုအုပ်စုမှာ စမုံမြစ်ဝှမ်းမှ စလင်း၊ မင်းဘူးဒေသသို့ ရောက်ရှိလာပေသည်။ ထို့ကြောင့် ခမာတို့ရန်ကြောင့် တချို့က ဧရာဝတီအနောက် စလင်း မုန်းမြစ်ရိုးတစ်လျှောက် လယ်ကိုင်း၊ စကုသို့လည်းကောင်း တချို့က အောက်ဘက် သရက်၊ မင်းတုန်းဒေသသို့ ခွဲဖြာသွားကြပေသည်။ 

အချို့ကား အရှေ့ဘက် တစ်လျှောက်သို့ ဖြစ်ပေသည်။ ရှေးဦးဗိဿနိုး တည်သူမှာ ၎င်းတို့ပင်ဖြစ်နိုင်ပြီး ဒုတိယ ဗိဿနိုးကို နှောင်းပိုင်းပျူတို့က တည်ထောင် သည် ဟုဖြစ်ပါသည်။ တောင်ဘက်ဖျားရှိ အရှိုချင်း အနွယ်ဝင်များ၏ ရှေးဟောင်းသီချင်းတွင် ၎င်းတို့၏ ဘိုးဘေးတို့သည် ရှေးဟောင်းအုတ်မြို့ရိုးဖြင့် နေထိုင်ခဲ့ပြီး ယင်းမှ ရွှေ့ပြောင်းလာကြကြောင်း ဖော်ပြပါရှိပါသည်။ ၎င်းသီချင်းလာ မြို့ဟောင်းနှင့် အုတ်မြို့ရိုးမှာ အစောဆုံးမြို့ဖြစ်သော ဗိဿနိုး ပင်ဖြစ်လေသည်။

ထိုသို့ဆိုသော် ဗိဿနိုးမြို့နှင့် သရေခေတ္တရာ မြို့ဟောင်းအနီးတွင် ချင်းများ နေထိုင်ခဲ့ကြဖူးပေမည်။ ချင်းဆိုရာတွင် (ပျူ၊ သက်၊ ကမ်းရံ) တဖြစ်လဲ ရှိနေခဲ့ကြပေမည်။ ဗိဿနိုးရှိ ပန်ထွာဘုရင်မ ကိုယ်တိုင်မှာလည်း အိန္ဒိယ အနွယ်ဝင်နှင့် မွန်ဂိုလွိုက် အနွယ်တို့ သွေးနှောဟန်ရှိပေသည်။ ပုပ္ပားတွင် ရက္ခပူရဟူသော မြို့ဟောင်း ရှိကြောင်းလည်း တွေ့ရပေသည်။ 

ရှေးခေတ်ဟောင်း ချင်းရွာငါးရွာရှိခဲ့ခြင်း၊ မယ် ဝဏ္ဏဘီလူးမ နေထိုင်ရာဖြစ်ခြင်း၊ ပါးပုတ်ဟူသည်ချင်းနှင့် မြန်မာတို့ အိုးကို အကြောင်းပြု၍ ပဋိပက္ခဖြစ်ရာမှ ပါးပုတ်၊ ပုပ္ပါးဟူသောစကား ပေါ်လာခြင်း၊ အနော်ရထာ၏ ပတ္တမြား ငမောက်မှာ ချင်းငမောက်ထံမှ ရကြောင်းဆိုခြင်းတို့က ဗမာ လူမျိုးများ ပုပ္ပားသို့ မရောက်ခင် ချင်းလူမျိုး များ ရှိကြောင်း ထင်ရှားပါသည်။ ထို့ကြောင့် ချင်းတို့၏ ရှေးဟောင်းဌာနေ ဖြစ်ကြောင်း သိရပေသည်။ ၎င်းချင်းလူမျိုးတို့သည် နရပတိ စည်သူမင်း လက်ထက်တိုင်အောင် ရှိနေကြောင်း တွေ့ရပေသည်။

ဗိဿနိုးမြို့သည် တိဘက်မြန်မာအုပ်စုဝင် ကဒူးတို့ နေထိုင်ပြီး သရေခေတ္တရာတွင် ပျူပြီးနောက် ဗမာတို့ နေထိုင်ကြောင်း ဆိုသည်။ ထိုသို့ဆိုသော် ကဒူးလူမျိုးများ၏ ပြန့်ကျဲနေထိုင်ပုံကို ကြည့်ပါက သမိုင်း မတိုင်မီခေတ်မှ ယနေ့တိုင်အောင် ကဒူးလူမျိုးတို့သည် ဧရာဝတီမြစ်ဆုံ အောက်ပိုင်းသို့ ရောက်ရှိခြင်း မရှိ ကြောင်း တွေ့ရပေသည်။ 

တောင်တွင်းကြီးဒေသ ချင်းတွင်းမြစ် အနောက်ဘက်ရှိ ချင်းနယ်များကို သိမ်းယူခြင်းသည်လည်းကောင်း၊ ရှေးဦး မြန်မာများနှင့် အလယ်ပိုင်းရှိ ပဲခူးရိုးမ အရှေ့အနောက် တစ်လျှောက် ပြည်မြို့ ပတ်ဝန်းကျင်တွင် ရှေးကတည်းက ရှိနေသောလူမျိုးနွယ်စု များမှာ အရှိုများပင် ဖြစ်ဟန်တူသည်။ နောက်ပိုင်း မွန်အနွယ်များ အားကောင်း လာသောအခါ ဧရာဝတီမြစ် အနောက်ပိုင်းဒေသများသို့လည်းကောင်း ရခိုင်ရိုးမဒေသများသို့ လည်းကောင်း ပြောင်းရွှေ့ ကြဟန် တူပေသည်။

သရေခေတ္တရာ ပျက်ရခြင်းအကြောင်းတွင် သရေခေတ္တရာကိုတိုက်သော သူများမှာလည်း မြစ်ကြော၊ ချောင်းရိုးနေ အရှိုလူမျိုးအနွယ်ပင်ဖြစ်ပြီး ကမ်းရံလူမျိုးများမှာလည်း ကျောက်စာဝန်ဦးဖိုးလ အဆိုအရ သံတွဲဘက်မှ အရှိုချင်းများ ဖြစ်နိုင်ပေသည်။ ကွဲသွားသော ပျူများအနက်တစ်စုမှာ ကျပင်း သူယူသည်ဆိုသည်မှာ မင်းဘူးစလင်းနယ်ဘက် တက်လာရာမှရှိနှင့်သော ယော၊ ချင်းပုံအနွယ်များဖြစ်ပြီး တစ်စုကို သက်ယူရာ ၎င်းဘက်မှာလည်း အရှိုချင်း များပင်ဖြစ်နိုင်ပြန်ပါသည်။ ကျန်သောတစ်စုမှာ အဆင့်ဆင့်ပြောင်းလျက် သရက်၊ မင်းတုန်းတွင်နေထိုင်ကာ ရခိုင်ဘုရင် မင်းထီး တိုက်လာသော အရှေ့သက် အရှိုချင်းများပင် ဖြစ်ပြန်ပါသည်။ 

၎င်းတို့မှာ သိမ်းယူခြင်းခံရ၍ အမ်းဘက်သို့ပြောင်းကာ အရှိုအနွယ်များ ဖြစ်ကြပေလိမ့်မည်။ နန်စောမင်းက သရေခေတ္တရာကိုတိုက်၍ ပျူလူမျိုး ၃၀၀၀ ကိုဖမ်းခေါ်ကာ ယူနန်ပြည်နယ်တွင် အရှိုချင်းများနှင့် စကားတူသော သူများကိုတွေ့ရသောကြောင့် ပျူဆိုသူများမှာ အရှိုချင်းများကိုပင် တစ်ဖန်ဆိုကြောင်း ပျူ၊ စကြာ၊ ကျပင်း၊ သက်နှင့်ကမ်းရံအဖြစ် အပြန်ပြန်အလှန်လှန် ဆိုထားပါသည်။ တောင်ပိုင်းချင်းဘာသာ စကား (အရှိုချင်း) သည် တောင်ပိုင်းအိန္ဒိယ စကားပါဝင်မှု များကြောင်းလည်း တွေ့ရပြန်ပါသည်။ အကြောင်းမှာ တွက်ဆရသောကြောင့်ပင် ဖြစ်ပါသည်။

အိန္ဒိယအမည်ခံမင်းများ အုပ်စိုးပြီး နောက်ပိုင်းတွင် မွန်ဂိုလွိုက် တိုင်းရင်းသားအမည်များ ပိုမိုများပြားလာသည်။ ၎င်းခေတ်များကို တိုင်းရင်းသား အမည်ခံမင်းဆက်များ လွှမ်းမိုးသောခေတ်ဟု ဆိုနိုင်ပါသည်။ အမည်ရောနှော နေပါက အင်အားမတောင့်သေးသော အချိန်ပင်ဖြစ်ပြီး ဆက်တိုက် ပါဝင်လာပါက တိုင်းရင်းသား များ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းလာပြီးဖြစ်ကြောင်း တွေ့နိုင်ပေသည်။ 

အာရိယာန်များ မရောက်ရှိမီ တိုင်းရင်းသားများမှာ ဒေသလိုက်၍သော်လည်းကောင်း အုပ်စိုးသူများကို စွဲ၍သော်လည်းကောင်း သက်ပျူ၊ ကမ်းရံ ရခိုင်၊ ကတူး (ကဒူး)၊ ချင်း၊ စကြော စသည်တို့ဖြင့် ခေါ်ဝေါ်ပေသည်။ ၎င်းတို့ကိုခြုံကာ ပျူအကြို လူသားများ (proto-pyu)ဟုလည်း ခေါ်ဆိုနိုင်ပါသည်။ ၎င်းလူသားများမှ တစ်ဆင့် နောက်ပိုင်း အာရိယာန် လူမျိုးများ အားနည်းလာသောအခါ မြန်မာနိုင်ငံရှိ လက်ရှိတိုင်းရင်းသားများ ပေါက်ဖွား လာကြောင်း ယုံကြည် ရသည်။

အင်္ဂလန်နိုင်ငံလန်ဒန်တက္ကသိုလ်မှ အီးအိပ်ချ်မူးရ် ကလည်း ကျောက်ချောခေတ် ယဉ်ကျေးမှုကို ကျင့်သုံးလျက် ရှိသော ရှေးဦး တိဘက်-မြန်မာအုပ်စုဝင်များ ရောနှောလျက် မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာကာ ရခိုင် ကမ်းရိုးတန်းအထိပင် သွယ်တန်းသွားကြောင်း ဆိုပေသည်။ အဆိုပါ ကျောက်ချောခေတ် ယဉ်ကျေးမှုတွင် ပျူ၊ သက်၊ ကတူး(ကဒူး)၊ ချင်းများ ရောနှောလျက်ပါဝင်နေကြောင်း၊ နှုတ်ရာဇဝင်များလည်း ရောနှော၍နေကြောင်း ဆိုပါသည်။ 

အလယ်ပိုင်း လွင်ပြင်များတွင် ရောနှောရာမှ သက်၊ ချင်းတို့က ချင်းတွင်း မြစ်ဝှမ်း၊ ပျူက ဧရာဝတီ မြစ်ဝှမ်းသို့ ခွဲဖြာကြောင်း ဆိုပေသည်။ ထိုသို့ဆိုလျှင် ရှေးကျောက်ချောခေတ်တွင် ပျူ၊ သက်၊ ကမ်းရံ၊ ချင်းဟူ၍ ခွဲခြား မရကောင်းပေ။ နောက်ပိုင်းမှ အိန္ဒိယအငွေ့အသက်များစွာ လွှမ်းမိုးမှုကို ခံရသောသူများကို ပျူဟူ၍ လည်းကောင်း၊ မခံရသော အုပ်စုများတွင် ပါဝင်သောအုပ်စုများမှာ မြောက်ဘက်ရှိ ချင်းများ၊ အနည်းငယ်ခံရသော တောင်ဘက်မှ ချင်းအစု ဝင်များ ဖြစ်လာပေသည်။

ချင်းလူမျိုးများသည် ကျောက်ခေတ်ယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်းလာပြီး ကြေးခေတ်၊ သံခေတ်သို့ ဝင်ရောက်ရှိကာ အချိန်ကာလကြာမြင့်စွာပင် သံခေတ်အတွင်းရှိနေကြောင်း၊ သံခေတ်အတွင်းမှာပင်လျှင် ရွှေ့ပြောင်းမှုစတင်ကြောင်း ယူဆရပေသည်။ ခေတ်သစ် ကမ္ဘာမှ ချင်းလူမျိုးများကို စတင်ထိတွေ့ချိန်မှာ သံခေတ်မှ မြေရှင်ပဒေသရာဇ်ခေတ်သို့ ကူးပြောင်းရှိချိန်ဖြစ်ပေသည်။ ပုဂံခေတ်မတိုင်မီဟုဆိုရာတွင် အထူးသဖြင့် ဗမာလူမျိုးတူစုများ လွှမ်းမိုးခြင်း မခံရခင်ကခေတ်ကို ဆိုလိုခြင်းပင်ဖြစ်သည်။ 

ထို့ကြောင့် အေဒီ ၈-၉ ရာစု မတိုင်မီက လူမျိုးများကို ဆိုလိုပါသည်။ ကျောက်ချောခေတ်မှစတင်၍ ဝင်ရောက် လာသော တိဘက်မြန်မာအုပ်စု အဦးပိုင်းသည် အလယ်ပိုင်းသို့ ရောနှောဝင်ရောက်လာပေသည်။ သီးသန့် လူမျိုးစုဟူ၍ မှတ်တမ်းတင်ခြင်း မရှိသောကြောင့် တိဘက်-မြန်မာ အစောပိုင်းအုပ်စုဟု ဆိုရပေမည်။ ၎င်းတို့တွင် ချင်း၊ သက်၊ ပျူ၊ ကမ်းရံ၊ ကျပင်း၊ ယောင်၊ စကြာ၊ ကတူး(ကဒူး)၊ သောင်၊ ကစက်၊ ကွမ်းရီ အစရှိသဖြင့် ခေါ်ဝေါ် ခဲ့ကြပေသည်။ 

အချို့က နယ်မြေဒေသကိုလိုက်၍ အခေါ်ခံရသောသူများ၊ အချို့က ယဉ်ကျေးမှုကိုလိုက်၍ အခေါ်ခံရသော လူမျိုးများအဖြစ် အမည်တွင်လေသည်။ အာရိယာန်နွယ်ဖွားများ လွှမ်းမိုးလာသောအခါ အိန္ဒိယမြောက်ပိုင်း ယဉ်ကျေးမှု လွှမ်းမိုးခံရသောသူများကို သက်ဟုလည်းကောင်း၊ တောင်ပိုင်းယဉ်ကျေးမှု လွှမ်းမိုးခံရသောသူများကို ပျူဟူ၍ လည်းကောင်း အကြမ်းအားဖြင့် သတ်မှတ်နိုင်သည်။ တောင်ပိုင်း အိန္ဒိယယဉ်ကျေးမှုကို ကျင့်သုံးသူများက ပိုမိုတိုးတက်ကြောင်း ယူဆရသည်။ 

၎င်းယဉ်ကျေးမှုအောက်တွင် အနည်းငယ်သာ လွှမ်းမိုးမှုခံရသော သူများသည်လည်းကောင်း မခံနိုင်သော သူများသည် လည်းကောင်း အနောက်ဘက် တောင်တန်းဒေသများသို့ ကူးပြောင်း ရွှေ့ပြောင်းကြပေသည်။ ၎င်းတို့နောက်တွင် မြောက်ပိုင်း ယဉ်ကျေးမှု လွှမ်းမိုးသောသူများလည်း အနောက်ဘက်သို့ ရွှေ့ပြောင်းကြောင်း တွေ့နိုင်ပါသည်။ အလယ်ပိုင်းတွင် ကျန်ရစ်သော ပျူများမှာ နောက်ရောက်လာသောသူများနှင့် ရောနှောကာ ပိုမိုဖွံ့ဖြိုး တိုးတက်ကြောင်းယူဆရပါသည်။ ထိုအချိန်တွင် ရောက်နှင့်နေသော ကရင်အစုဝင်များကို လွှမ်းမိုး လာသော မွန်-ခမာ အနွယ်ဝင်များက စစ်တောင်းမြစ်အတိုင်း အထက်သို့ ဩဇာအာဏာချဲ့ ထွင်လာရာ ဗိဿနိုး စမုံမြစ်ဝှမ်းဒေသသို့တိုင်အောင် ရောက်ရှိလာသည်။

မြန်မာအစုဝင်များသည် ပုပ္ပားဒေသတွင် ချင်းတို့နှင့် စတင်တွေ့ရှိပုံ၊ သက်စိုးတောင်တွင် သက်တို့နှင့်တွေ့ရပုံ၊ အထက်တကောင်းပြည်ကို သက်တို့ထံမှ သိမ်းယူရပုံ၊ အထက်တကောင်းပြည်ကို သက်တို့ထံမှ ဝယ်ယူမှုများသည်လည်းကောင်း၊ ချင်းတွင်း အနောက်ဘက်ရှိ ချင်းနယ်များကို သိမ်းယူခြင်းသည်လည်းကောင်း ရှေးဦးမြန်မာများနှင့် အလယ်ပိုင်းရှိ အစဦး ချင်းအနွယ်ဝင် ဒေသခံများ၏ အားပြိုင်မှုကို ဖော်ပြနေသည်။ ။

 Crd: အရှိုအလင်းစာစောင်မှ ဆမိုဟာကြူလီ၏ ဆောင်းပါး။ ကံရံ၏ ချင်းလူမျိုးများသမိုင်း။

No comments

LAND of CANAAN

    Canaan is an ancient term for a region approximating present-day Israel , the West Bank and the Gaza Strip , plus adjoining coastal la...