ZOMI ချင်း(ဇိုမီး)တိုင်းရင်းသားတို့၏ မိခင်စာပေသမိုင်း
လူမျိုးတိုင်းတွင်
ကိုယ်ပိုင်ဘာသာစကားနှင့် ကိုယ်ပိုင်စာပေရှိမှတင့်တယ်၏။
စာပေသည် လူမျိုး၏အသက်ဟု ဆိုရိုးစကားအတိုင်း လူမျိုးတစ်မျိုးတွင်
စာပေဟူ၍မရှိပါက ရေရှည်ရှင်သန် ရပ်တည်နိုင်ရန် မဖြစ် နိုင်ပါ။
ပျူလူမျိုးတို့၏ သမိုင်းသင်ခန်းစာက ဖော်ပြနေသည်ကို သတိပြုမိကြမည်ဖြစ်ပါသည်။
စာပေသည် လူမျိုးအတွက် အလွန်အရေးကြီးကြောင်း သိထားကြပြီးနောက်
မြန်မာနိုင်ငံ၏ အနောက်ဘက်ခြမ်းတွင် နေထိုင်သည့်
ချင်း(ဇိုမီး)တိုင်းရင်းသားတို့၏ မိခင်စာပေသမိုင်းအကြောင်းကို
လေ့လာတင်ပြမည်ဖြစ်ပါသည်။
အဆိုပါ ချင်း(ဇိုမီး)စာပေသမိုင်းအကြောင်းကို
ခေတ်အလိုက် လေ့လာသုံးသပ်ပြီး ခွဲခြမ်းကြည့်လျှင် (၁)
အရုပ်စာပေအသုံးပြုသောခေတ်၊ (၂) ပေါ်ကျင့်ဟောစာပေ(သို့) တိုင်းရင်းချင်းစာပေ
ပေါ်ထွန်းလာသောခေတ်၊ (၃) မြန်မာစာပေရောက်ရှိလာသောခေတ်၊ (၄)
ရောမအက္ခရာစာပေခေတ်နှင့် (၅) လွတ်လပ်ပြီး ခေတ် (မျက်မှောက်ကာလအခြေအနေ)ဟူ၍
အဆင့်ဆင့်ဖြစ်ပေါ်လာကြောင်းကို လေ့လာတွေ့ရှိနိုင်ပါသည်။
၁။ အရုပ်စာပေအသုံးပြုသောခေတ်
Tibeto-
Burman နွယ်ဝင် Indo- Burma Border Area တွင် အများစုနေထိုင်သည့်
ချင်းတိုင်းရင်းသားများတွင် ရှေးပဝေသဏီ တုန်းက စာပေရှိခဲ့ဖူးကြောင်း
အဆိုစကားရှိ သော်လည်း ယနေ့အချိန်ထိ ခိုင်လုံသော
အထောက်အထားမတွေ့ရှိသေးပေ။ ရှေး ခေတ်ချင်း(ဇိုမီး)တိုင်းရင်းသားတို့သည်
လူသိ ရှင်ကြားအများ သိစေလိုသော အချက်များဖြစ် သည့်
ယောက်ျားကောင်းတစ်ဦးအနေဖြင့် မိမိ ဖမ်းဆီးရရှိသော သားကောင်ကြီး များကို
အမှတ်အသားပြုသည့်အနေဖြင့် လူအများ ဖြတ်သန်းသွားလာသော ရွာအဝင်လမ်းနံဘေး
အနားယူရာနေရာများတွင် ကျောက်တုံး အကြီး၊ အလတ်၊ အငယ် စသဖြင့် မိမိဖမ်းယူ
ရရှိသော သားကောင်အကြီး၊ အလတ်၊ အငယ် အလိုက် စိုက်ထူခဲ့ကြသည်။
အကြီးဆုံး သားကောင်များဖြစ်သော ဆင်၊ ကြံ့ စသည့် အကောင်ကြီးများ
ဖမ်းယူရရှိပါက ရရှိသော သားကောင်အရေအတွက်အလိုက် ကျောက်တုံး ကြီးများ
စိုက်ထူခဲ့ကြသည်။ သားကောင် အလတ်စားများဖြစ်သည့် တောဝက်၊ ဝက်ဝံ၊ ဆတ်၊
ပြောင် စသည့် သားကောင်များ ဖမ်းယူ ရရှိသောအခါ အရေအတွက်အလိုက် ကျောက်
တုံးအလတ်စားများ စိုက်ထူခဲ့ကြသည်။
အမှတ်အသားပြု
ချေ၊
တောကြောင် စသည့် သားကောင် များရရှိသောအခါ ကျောက်တုံးအငယ်များကို
သားကောင်အရေအတွက်အလိုက်စိုက်ထူပြီး အမှတ်အသားပြုခဲ့ကြသည်။ လက်မှုပညာနှင့်
ယဉ်ကျးမှု တိုးတက်လာသောအခါ မှတ်တမ်း တင်လိုသောအရာများအား သစ်တိုင်များကို
လူခန္ဓာပုံသဏ္ဌာန် ပြုလုပ်ပြီး ၎င်းသစ်တိုင် ပေါ်တွင်
မိမိဖမ်းယူရရှိသော သားကောင်များ ၏ ပုံကိုထွင်းထုခဲ့ကြသည်။
ချင်းတိုင်းရင်းသား တို့၏ အမြတ်တနိုးထားရှိသော ကျောက်ပုတီး များနှင့်
ကြေးမောင်းများ၊ ငွေဒင်္ဂါးများ၊ ရုပ်ပုံ များကိုလည်း
မိမိပိုင်ဆိုင်ရရှိသမျှ လူသိ ရှင်ကြား ကြေညာသောအနေဖြင့် ကျောက်တိုင်
စိုက်၍ ရုပ်ပုံများဖြင့် ကမ္ပည်းထိုးမှတ်တမ်း တင်ခဲ့ကြသည်။ တဖြည်းဖြည်း
တိုးတက်လာ သောအခါ သစ်သားပေါ်မှတစ်ဆင့် ကျောက်ပြားကြီးများပေါ်တွင်
အရုပ်များ ထွင်းထုခဲ့ကြသည်။
မင်္ဂလာပွဲများနှင့်
တရားစီရင်ရေးဆိုင်ရာ အရေးကြီးသော အချေအတင်စကားပြောဆို ရာ၌ လူကြီးများက
စကားအချက်အလက် များကို မှတ်သားသည့်အနေဖြင့်
အောင်လောက်ပဲစေ့များသုံး၍ အချက်တစ်ချက် လျှင် ပဲစေ့တစ်လုံးချင်းရွှေ့ကာ
အချေအတင် ပြောဆိုခဲ့ကြသည်။ နေ့ရက်၊ လ၊ ခုနှစ်များနှင့် ကိန်းဂဏန်း စသည့်
အရေအတွက်များကို လည်း အောင်လောက်ပဲစေ့များဖြင့် လည်း ကောင်း၊
ကြိုးထုံးခြင်းဖြင့် လည်းကောင်း၊ ခြစ်ရာများဖြင့် လည်းကောင်း မှတ်သားခဲ့ကြ
သည်။
ဤသို့ဖြင့် စာပေအက္ခရာမရှိသေးသောအချိန်ကာလအတွင်း
အရုပ်စာပေများနှင့် အရေအတွက်ဆိုင်ရာ အမှတ်အသားအမျိုးမျိုး တို့ကို
အသုံးပြုခဲ့ကြသည်။ အကြောင်းအရာ ပိုင်းဆိုင်ရာ သားစဉ်မြေးဆက်မှတ်သားဖွယ်ရာ
များကိုမူ သီချင်းများ၊ ကဗျာလင်္ကာများ၊ စကားထာများ၊ စကားပုံများဖြင့်
သီကုံးဖွဲ့နွဲ့ ကာ ခေတ်အဆက်ဆက် လက်ဆင့်ကမ်း၍ မှတ်တမ်းတင်ခဲ့ကြသည်။
သို့ဖြစ်ရာ ချင်း တိုင်းရင်းသားများ စာမဲ့ပေမဲ့ဘဝဖြင့် အခက်
အခဲအမျိုးမျိုး ရင်ဆိုင်နေခဲ့ကြသည်မှာ (၁၈)ရာစု
ကုန်ခါနီးအထိတိုင်ဖြစ်ပါသည်။ ထိုစဉ်အခါက အခြားသောကမ္ဘာ့လူမျိုးတို့သည်
စာပေအသီးသီးရှိကြပြီးဖြစ်သော်လည်း ချင်း တိုင်းရင်းသားများတွင်မူ
လူမျိုးခြားမည်သည့် အစိုးရနှင့်မျှ ထိတွေ့ဆက်ဆံခြင်း မရှိသေးသဖြင့်
လူမျိုးခြားတိုင်းတစ်ပါး၏ စာပေသည်လည်း ချင်းတောင်သို့
ရောက်ရှိခဲ့ခြင်းမရှိသေးချေ။
၂။ ပေါ်ကျင့်ဟောစာပေ (သို့)
တိုင်းရင်းချင်း စာပေပေါ်ထွန်းလာသောခေတ် (၁၈)ရာစုကုန်ခါနီးအထိ
ချင်းတိုင်းရင်း သားများသည် စာပေအက္ခရာမဲ့ဘဝဖြင့်ရှိနေ စဉ် မည်သည့်အတန်း၊
မည်သည့်စာပေပညာ မှ မတက်ဘဲ အိမ်တွင်း၌ ၁၅ နှစ်လုံးလုံး နာတာ
ရှည်ရောဂါစွဲကပ်ခံစားနေသည့် တီးတိန်မြို့နေ ပေါ်ကျင့်ဟော (Pau Cin Hau)
ဆိုသူသည် အနန္တတန်ခိုးရှင် ပါးယှန်း၏ ဗျာဒိတ်တော်လာ သွန်သင်မှုဖြင့်
ကမ္ဘာတွင် သီးခြားစာပေ တစ်မျိုးကို ၁၈၉၉ ခုနှစ်က တီထွင်ဖန်တီးနိုင်
ခဲ့သည်။ ဤစာပေကို ပေါ်ကျင့်ဟောစာပေဟူ ၍ လည်းကောင်း၊
တိုင်းရင်းချင်းစာပေ(Zotual Lai)ဟူ၍လည်းကောင်း ခေါ်တွင်ခဲ့သည်။
ဤစာပေသည် ချင်းတိုင်းရင်းသားများအတွင်း ပထမဦးဆုံး
ပေါ်ထွန်းလာခဲ့ခြင်းဖြစ်သဖြင့် စာပေတီထွင်သူ ပေါ်ကျင့်ဟောအား လိုင်ပီ
အန်ပါး - Laipianpa(ခေါ်) စာပေတီထွင်သူ၊ စာပေ၏ဖခင်ကြီးဟူသော ဘွဲ့ထူး၊
ဂုဏ်ထူးကို လည်း လူအများက ပေးအပ်ကာ သူ့အမည်ကို လိုင်ပီအန်ပေါ်ကျင့်ဟောဟူ၍
ခေါ်ဆိုခဲ့ကြ သည်။ ဤစာပေသည် ချင်းတိုင်းရင်းသားများ အတွင်း
ပထမဦးဆုံးပေါ်ထွန်းခဲ့သော အမျိုးသားကိုယ်ပိုင်စာပေပင်ဖြစ်သည်။
ပေါ်ကျင့်ဟောသည်
စာပေတီထွင်ဖန်တီး နေစဉ် နှုတ်မှတဖွဖွရေရွတ်နေပြီး မီးသွေးများ ဖြင့်
အိမ်နံရံများနှင့် ကျောက်တုံးများပေါ်တွင် စာလုံးများကို ရေးမှတ်ခဲ့သည်။
မြေပြင်ညီပေါ် တွင်လည်း တုတ်ချွန်ဖြင့်ခြစ်လိုက်၊ ဖျက်လိုက် လုပ်၍
နှုတ်မှလည်း တဖွဖွရေရွတ်နေသဖြင့် သူ့ကိုမြင်တွေ့နေသူများက စိတ်မနှံ့သူအရူး
ဟုပင် ထင်မှတ်ခဲ့ကြသည်။
အဘယ်ကြောင့် ဆိုသော် ထိုခေတ်က
ချင်းတိုင်းရင်းသားများ တွင် စာပေ(Lai)ဟူသော ဝေါဟာရစကားလုံး ပင်
မရှိသေးခြင်းကြောင့်ဖြစ်သည်။ သူသည် တွေ့ရှိသမျှသော စာလုံးများကို
ချက်ချင်းအသုံး ပြုသင်ကြားပေးခဲ့ပြီး နှစ်နှစ်ခန့်ကြာသောအခါ အောင်မြင်စွာ
တီထွင်ဖန်တီးခဲ့သည်။ ထိုအချိန် ထိ ချင်းတိုင်းရင်းသားများတွင် စာမရှိ၊
ပေမရှိ ဘဲ အဘက်ဘက်မှ အောက်ကျ၊ နောက်ကျရှိနေ ပြီး စာပေကို
ငံ့လင့်တောင့်တနေစဉ်ဖြစ်သော ကြောင့် ၎င်းစာပေပေါ်ထွန်းသည့် ဂုဏ်သတင်း သည်
ချင်းတောင်နေရာအနှံ့ ပျံ့နှံ့ခဲ့သည်။ စာတတ်လိုသူများသည် သူ့ထံသို့
လာရောက် ကာ စာပေရေးသားနည်းများကို သင်ယူခဲ့ကြ သည်။
တစ်ဟုန်ထိုးပျံ့နှံ့
ထိုမှတစ်ဆင့်
တစ်ဖန်သင်ယူကြရာ အနယ်နယ်အရပ်ရပ်သို့ တစ်မုဟုတ်ချင်းကူးစက်
ပျံ့နှံ့သွားပြီး ချင်းပြည်နယ်ရှိ တီးတိန်မြို့နယ်၊ တွန်းဇံမြို့နယ်၊
ဖလမ်းမြို့နယ်၊ ဟားခါးမြို့နယ် နှင့် မြန်မာနိုင်ငံနှင့်
နယ်နိမိတ်ဆက်စပ်လျက် ရှိသော အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ မဏိပူရ်
ပြည်နယ်အထိ ၎င်းစာပေ တစ်ဟုန်ထိုးပျံ့နှံ့ ရောက်ရှိခဲ့သည်။
ထိုအချိန်မှစ၍ မှတ်တမ်း မှတ်ရာများကို စာပေဖြင့် ရေးမှတ်ကြပြီး
ကျောက်တိုင်များတွင်လည်း အရုပ်နှင့် ချင်းစာပေ ဖြင့်တွဲ၍ ထွင်းထုခဲ့ကြသည်။
ဤစာပေသည် ချင်းတိုင်းရင်းသားများ၏ပြောစကားကို အခြေခံသောစာပေဖြစ်သဖြင့် ချင်းတိုင်းရင်းသား များအတွက် အကောင်းဆုံး နှင့် အလွယ်ကူဆုံးစာပေဖြစ်သည်။ ချင်း စကားသံများသည် မူရင်းအက္ခရာစာလုံးပေါင်း ၁၀၅၁ လုံးရှိပြီး အသံတစ်သံစီသာထွက် သဖြင့် အသံတစ်သံလျှင် စာလုံးတစ်လုံး (Monosyllabic) စာပေအက္ခရာမျိုး ဖြစ်သည်။ အသံအတိုအရှည်၊ အနိမ့်အမြင့်များကို စာလုံး တစ်လုံးတွင် တက်ကျသံ သင်္ကေတခြောက်မျိုး စီဖြင့် ပွားယူနိုင်သည်။
စာပေတီထွင်သူသည် သင်ယူသူအတွက် လွယ်ကူစွာမှတ်ယူနိုင်ရန်
အီဗူး(အရာဝတ္ထုဆိုင်ရာ အခေါ်အဝေါ်များ)၊ မင်ဗူး(အမည်နာမဆိုင်ရာ
အခေါ်အဝေါ်များ)၊ ဒုံလိန်ဗူး(မေးမြန်းခြင်းဆိုင်ရာ အခေါ်အဝေါ် များ)၊
လွန်းရှာဗူး (နေထိုင်စားသောက်ခြင်း ဆိုင်ရာ အခေါ်အဝေါ်များ)၊
ထာတုတ်ဗူး (အသုံးအဆောင်ဆိုင်ရာ အခေါ်အဝေါ်များ)နှင့် ထွမ်ဇုံဗူး
(ထိတွေ့ခံစားခြင်းဆိုင်ရာ အခေါ် အဝေါ်များ)စသည်ဖြင့် လင်္ကာဖွဲ့ပြီး
အခန်း(၆)ခန်း ခွဲခြားထားသည်။ ဤစာပေ၏ ထူးခြား ချက်မှာ
ချင်းစကားလုံးများကို အသံနေ၊ အသံ ထား၊ အသံအနိမ့်အမြင့်၊ အတိုအရှည်တို့ကို
အတိအကျခွဲခြားရေးသားခြင်းဖြစ်သည်။
ပထမကမ္ဘာစစ်တွင်
ချင်း(ဇိုမီး)တပ်သား ဦးရေ ၁၀၀၀ ကို စစ်ကူအဖြစ်
ပြင်သစ်နိုင်ငံသို့သွားရောက်ရာတွင်လည်း ချင်းတောင်နေ မိသားစုများနှင့်
ပြည်တွင်းအခြေအနေများကို ၎င်းစာပေဖြင့်သာဆက်သွယ်ခဲ့ကြသည်။ အိမ်မှ
ပေးပို့သော တိုင်းရင်းချင်းစာပေဖြင့် ရေးထား သည့်ပေးစာများထဲတွင်
အင်္ဂလိပ်အစိုးရနှင့် ဒေသခေါင်းဆောင်များ တိုက်ပွဲဖြစ်သည့်
အကြောင်းရေးထားသည့် စာရရှိသောအခါ အိမ်ပြန်ကြရန်ဆန္ဒပြုကြရာမှ ချင်းတပ်သား
အားလုံး ချင်းတောင်သို့ ၁၉၁၈ ခုနှစ်တွင် ပြန်လည်ရောက်ရှိလာခဲ့ကြသည်။
ဤသို့ဖြင့် ၁၉၀၀ မှ ၁၉၃၀ ပြည့်နှစ်အကြား ၎င်းစာပေကို
ချင်းတောင်မြောက်ပိုင်းဒေသတွင် ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုခဲ့ကြသည်။
ထပ်ဆင့်တီထွင်
နယ်ချဲ့အင်္ဂလိပ်တို့က
ချင်းတောင်ကို သိမ်းပိုက်ပြီးနောက် မေမြို့(ပြင်ဦးလွင်)တွင်
ရုံးထိုင်နေသူ Dr.W. Sherrat (Secretary, British and Foreign Bible
Society of Burma) က ချင်းတောင်တွင် ထူးခြားသော စာပေအသုံး ပြုနေကြောင်းကို
ကြားသိသောအခါ ကိုယ်တိုင် လာရောက်စုံစမ်းကာ သုံးရက်တိုင်တိုင်
မေးမြန်းလေ့လာ ခဲ့သည်။ Dr.W. Sherrat က စာပေတီထွင်သူထံ လက်နှိပ်စက်နှင့်
ရိုက်နိုင် ရန် စာလုံးရေလျှော့ချ နိုင်ရေးအတွက် စာလုံး ပေါင်းနည်းဖြင့်
ပြန်လည်မွမ်းမံရန် အကြံပေး ခဲ့သည်။
ပေါ်ကျင့်ဟောသည်လည်း ၁၉၀၂ ခုနှစ်တွင် မူရင်းစာပေအက္ခရာ ၁၀၅၁ ထဲမှ ရိုးရိုးဗျည်း ၂၁ လုံး၊ သရခုနစ်လုံးနှင့် အားဖြည့် သရအပိတ်ဗျည်းကိုးလုံး စုစုပေါင်းဗျည်း၊ သရ စာလုံး ၃၇ လုံးအပြင် တက်ကျသံပြောင်း သင်္ကေတ ၁၁ လုံးထုတ်နုတ်ကာ လက်နှိပ်စက် ဖြင့် ရေးသားနိုင်ရန် ပြင်ဆင်ထားပြီး စာလုံး ပေါင်းနည်းစာပေကို ထပ်ဆင့်တီထွင် ခဲ့သည်။
၁၉၃၁ ခုနှစ်တွင် Spelling Book in Kamhau- Sukte)
စာအုပ်ကို S.P.G Press, Taung Goo မှ
လိုင်ပီအန်ပေါ်ကျင့်ဟောနာမည်ဖြင့် ထုတ်ဝေပုံနှိပ်နိုင်ခဲ့သည်။ Sermon On
The Mount ကိုလည်း ရေးသားပြုစုခဲ့ကြသော်လည်း အကြောင်းအမျိုးမျိုးကြောင့်
ရပ်ဆိုင်းခဲ့ကြ သည်။ ၎င်းစာပေဖြင့် ဖတ်စာအုပ်နှင့် သမ္မာ
ကျမ်းစာဘာသာပြန်ကိုလည်း Dr.W. Sherrat ၏ကူညီဆောင်ရွက်ပေးမှုဖြင့် ၁၉၃၂
ခုနှစ်တွင် မိခင်ဘာသာ အရေးအသားဖြင့် စာအုပ် ၅၀၀ ပုံနှိပ်ထုတ်ဝေနိုင်ခဲ့သည်။
အဆိုပါစာပေသည် တရုတ်စာပေ၊ အိန္ဒိယ စာပေ၊ ကသည်းစာပေနှင့်
ဆင်တူသည်။ မဏိပူရ်စာပေကို အတုခိုးပြီး တုပပြုလုပ်ဖန်တီး သည်ဟုလည်း
အချို့က ထင်ယောင်ထင်မှား ဖြစ်ခဲ့ကြသည်။ အမှန်စင်စစ် လိုင်ပီအန်
ပေါ်ကျင့်ဟောသည် သူ၏ ဘဝတစ်သက်တာ တွင် ကသည်းပြည်သို့လည်းကောင်း၊
အခြားတိုင်းတစ်ပါး နိုင်ငံများသို့ လည်းကောင်း
သွားရောက်ခဲ့ဖူးခြင်းပင်မရှိခဲ့ကြောင်း သူ၏ နောက်ခံသမိုင်းများအရ
သိရှိနိုင်သည်။ ပေါ်ကျင့်ဟော စာပေတီထွင်ပြီးနောက် အချို့ သောသူများကလည်း
အတုခိုးကာ စာပေ တီထွင်ရန် ကြံစည်ခဲ့ ကြသူများလည်း ရှိခဲ့ဖူး သည်။
၃။ မြန်မာစာပေရောက်ရှိလာသောခေတ်
နယ်ချဲ့အင်္ဂလိပ်တို့သည်
ချင်းတောင်ကိုသိမ်းပိုက်အုပ်ချုပ်ပြီးနောက် ချင်းတိုင်းရင်းသား များအတွင်း
ခရစ်ယာန် ဘာသာ သာသနာကို ပြန့်ပွားစေရန်အတွက် မြန်မာစာပေအသုံးပြု ခဲ့သည်။
ထို့ကြောင့် မြန်မာစာတတ် ကရင်တိုင်းရင်းသား ခရစ်ယာန်ဓမ္မဆရာများကို ခေါ်လာခဲ့ပြီး မြန်မာစာသင်ကျောင်းများကို ဖွင့်လှစ်ပေးခဲ့ သည်။ မြန်မာစာဖြင့် သင်ကြားသော မစ်ရှင် ကျောင်းများကိုလည်း ဖွင့်လှစ်ပေးခဲ့သည်။ ထို့ပြင် တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ် ကိုအုပ်ချုပ်သော တိုက်သူကြီး၏ တောင်းဆို မှုဖြင့် မြန်မာစာကို ၁၉၀၅ ခုနှစ်မှစတင် သင်ကြားခဲ့သဖြင့် နောက်ပိုင်း ကျောက်တိုင် များပေါ်တွင် အရုပ်စာ၊ ချင်းစာ၊ မြန်မာစာပေ များဖြင့် မှတ်တမ်းတင်ထားခဲ့ကြသည်။
၄။ ရောမအက္ခရာစာပေခေတ်
ခရစ်ယာန်သာသနာပြု JH.Cope သည် ၁၉၀၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က ချင်းတောင် ဟားခါးမြို့သို့ ရောက်ရှိလာပြီး ထိုမှတစ်ဆင့် ၁၉၁၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်တွင် တီးတိန်မြို့သို့ ပြောင်းရွှေ့ရုံးစိုက်၍ သာသနာ ပြုလာခဲ့၏။ JH.Cope သည် ချင်းဘာသာ စကားကို ရောမအက္ခရာ ABC ကို ငှားရမ်း အသုံးပြု၍ ချင်းစာပေအရေးအသား တီထွင် ပေးခဲ့၏။ ထို ABC ဖြင့်ပင် ချင်းဘာသာစကား ဖြင့် သမ္မာကျမ်းစာကို ရေးသားထုတ်ဝေခဲ့သည်။ နောက်ပိုင်းတွင် စာသင်ကျောင်းများ၌ ABC ချင်းစာကို ပြဋ္ဌာန်း၍ သင်ယူစေခဲ့ခြင်း ပြုလာခဲ့သည်။
၁၉၂၀ ပြည့်နှစ် ကျောင်းသားလှုပ်ရှားမှု တွင် မြန်မာစာတတ် ချင်းကျောင်းသားများ ပါဝင်သည်ကို အကြောင်းပြု၍ အင်္ဂလိပ်အစိုးရ က တိုင်းရင်းချင်းစာနှင့် မြန်မာစာသင်ကြားမှု ကို ပိတ်ပင်တားမြစ်ခဲ့သည်။ ၎င်းအစား ချင်းတိုင်းရင်းသားများအတွက် ရောမအက္ခရာ များဖြင့်တီထွင်ပြီး ချင်းစာ(ယခုအသုံးပြုနေသည့် ချင်းစာပေ) အဖြစ်ဖြင့် ပြဋ္ဌာန်းပေးကာ အစိုးရကျောင်းများတွင် သင်ကြားစေခဲ့သည်။ Divide and Rule Policy အရ အချင်းချင်း ဆက်သွယ်၍ မရစေရန် တစ်ဒေသနှင့် တစ်ဒေသ အက္ခရာချင်းမတူအောင်နှင့် စာလုံး ပေါင်းချင်း မတူအောင် တီထွင်ပြဋ္ဌာန်းပေးခဲ့ သည်။
၁၉၂၅ ခုနှစ်မှစ၍ ရောမအက္ခရာသုံး ချင်း စာပေသင်ကြားသော မူလတန်းကျောင်းများကို စတင်ဖွင့်လှစ်ပေးခဲ့သည်။ ချင်းတိုင်းရင်း သားများသည်လည်း အစစအရာရာ ခေတ်နောက်ကျနေသေးသည်ဖြစ်ရာ မိမိ ကိုယ်တိုင် စာပေ၊ ယဉ်ကျေးမှုများကို တန်ဖိုး ထား ထိန်းသိမ်းစောင့်ရှောက်ရန် အားနည်းခဲ့ပြီး အနောက်တိုင်းစာပေ၊ ယဉ်ကျေးမှုများ၏ သွေးဆောင်မှုကို ယုံကြည်မိသည့်အတွက် တိုင်းရင်းဖွားချင်းစာပေမှာ တဖြည်းဖြည်း မှေးမှိန်လာကာ ရောမအက္ခရာ ချင်းစာပေနှင့် အင်္ဂလိပ်စာပေများကိုသာ သင်ယူအသုံးပြုလာ တော့သည်။
၅။ လွတ်လပ်ပြီးခေတ် (မျက်မှောက်ကာလ အခြေအနေ)
၂၀၁၀ ပြည့်နှစ်မှစ၍ California University တွင် Christopher Button နှင့် Anshuman Pandey တို့က တိုင်းရင်းချင်း(ဇိုမီး)စာပေအကြောင်းစာတမ်းပြုစုပြီး ထိုသူတို့၏ အကူအညီဖြင့် Unicode Character အဖြစ် အသုံးပြုနိုင်ရန် Unicode Consortium တွင် တင်ပြသတ်မှတ်နိုင်ခဲ့သည်။ ထို Unicode Character ကို အခြေခံ၍ ကွန်ပျူတာနှင့် ဖုန်း များဖြင့် ချိတ်ဆက်အသုံးပြုနိုင်ရန်အတွက် လိုင်ပီအန်စာပေအဖွဲ့က ဆောင်ရွက်နိုင်ခဲ့သည်။ ယခုအခါ Window Os, Mac Os နှင့် Android Os မိုဘိုင်းဖုန်းအမျိုးမျိုးနှင့် ကွန်ပျူတာများဖြင့် အလွယ်တကူ Install ပြီး အလွယ်တကူ အသုံး ပြုနိုင်သည်။
ယနေ့အချိန်တွင် ချင်းတိုင်းရင်းသားတို့၏ ကိုယ်ပိုင်စာပေဖြစ်သော ပေါ်ကျင့်ဟောစာပေ (ခေါ်) တိုင်းရင်းချင်းစာပေမှာမူ နောင်လာ နောက်သားများအတွက် ရည်ရွယ်ပြီး ချင်းတိုင်းရင်းဖွားဘာသာဖြစ်သော လိုင်ပီအန် ဘာသာအဖွဲ့ချုပ်က ထိန်းသိမ်းစောင့်ရှောက် သည်သာမကဘဲ အဘိဓာန်၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ အင်တာနက် စသည့် နည်းပညာများတွင် အသုံးပြုနိုင်သည်အထိ မြှင့်တင်ဆောင်ရွက်နိုင်ခဲ့သည်။
နွေရာသီ ကျောင်းပိတ်ရက်များတွင် အခါအားလျော်စွာ စာပေသင်တန်းများဖွင့်လှစ်ကာ နယ်စုများ အလိုက် သင်တန်းများ ပို့ချသင်ကြားပေးခြင်း၊ သင်ထောက်ကူစီဒီ၊ ဒီဗွီဒီခွေများပြုလုပ်ခြင်း၊ ဆရာ ဆရာမများကို လေ့ကျင့်ပျိုးထောင်ပေး ခြင်း၊ စာပေတိုးတက်စေရေးကို အမှန်တကယ် စိတ်ဝင်စားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းများ ပြုလုပ်လေ့ရှိ သည်။ ဤစာပေဖြင့် Zolai Tongdot (ခေါ်) Zolai Dictionary, Zomite Lakam, Pasian Thu Bu စသော စာအုပ်များအပြင် ဖတ်စာအုပ် များ၊ ဆရာကိုင်စာအုပ်များကိုလည်း ထုတ်ဝေ ခဲ့ပြီးဖြစ်ရာ နိုင်ငံရပ်ခြားအသီးသီးမှ စာပေ ပညာရှင်များကလည်း ထိုစာပေကို စိတ်ဝင်စား စွာဖြင့် မကြာခဏ လာရောက်စုံစမ်းမေးမြန်း လာကြသည်။
မိခင်စာပေကို တီထွင်နိုင်သူ ပေါ်ကျင့်ဟောအား အသိအမှတ်ပြု မှတ်တမ်းတင်ဂုဏ်ပြု
ပေါ်ကျင့်ဟောသည် ချင်းစာပေကို တီထွင် နိုင်ခဲ့သဖြင့် ၁၉၁၄ ခုနှစ် ဇွန်လတွင် တွန်းဇံ တိုက်သူကြီး ဦးဟောက်ကျင့်ခုပ်က အခွန် အတုတ်၊ ကူလီအာဏာအားလုံးတို့မှ ကင်းလွတ်စေခဲ့ခြင်းဖြင့် ဂုဏ်ပြုခဲ့သည်။
၁၉၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် အင်္ဂလိပ် ဘုရင်ခံချုပ်(Sr. Chemsfort)သည် အိန္ဒိယ နိုင်ငံမှ ယူဆောင်လာသော ကျက်သရေဆောင် စလွယ်ဖြင့် တမန်တော်ပေါ်ကျင့်ဟောအား ပါးယှန်း၏ တမန်တော်မြတ်ဖြစ်ကြောင်းနှင့် ချင်းစာပေတီထွင်သူဖြစ်ကြောင်း ဂုဏ်ပြုခဲ့ သည်။
အင်္ဂလိပ်အစိုးရသည် ၁၉၃၇ ခုနှစ်တွင် တမန်တော်ပေါ်ကျင့်ဟောအား ပါးယှန်းတမန် တော်မြတ်ဖြစ်ကြောင်းနှင့် စာပေတီထွင်သူ ဖြစ်ကြောင်းကို ဂုဏ်ပြုသောအားဖြင့် တီးတိန် မြို့ဝန်ထောက် Thomson က အခွန်အတုတ်မှ အစ ကူလီအာဏာအားလုံး ကင်းလွတ်ခွင့် အမိန့်စာ ထုတ်ပေးချီးမြှင့်ခဲ့သည်။
တမန်တော်ပေါ်ကျင့်ဟော၏ ချင်းစာပေ တီထွင်ခဲ့ခြင်းကို ၁၉၃၁ ခုနှစ်တွင် (Census Report India Vol.1, Burma Page 194, Chapter X.No.120) ၌ မှတ်တမ်းတင်ထားပါ သည်။ ထို့ပြင် ကမ္ဘာ့ကုလသမဂ္ဂအသင်းကြီးသည် ထိုချင်းစာပေကို BPI/ 1316- 93925/ NOV. 1992- GM ဖြင့် အသိအမှတ်ပြုမှတ်တမ်းတင် ထားခဲ့ကြောင်း သိရသည်။
“ချင်းတိုင်းရင်းသားများဆိုတဲ့နေရာမှာ အများကြီးရှိပါတယ်။ ချင်းလူမျိုးထဲမှာ မျိုးနွယ်စု ၅၃ မျိုးလောက်ရှိပါတယ်။ ကျွန်တော် တို့သမိုင်းကို ကြည့်လိုက်ရင် ကိုယ့်ဘိုးဘွားက နေ ဆင်းသက်လာကြပြီး ကိုယ့်သမိုင်းကို ကိုယ် ရေးကြပါတယ်။ မိမိကိုယ်ကိုအုပ်ချုပ်တဲ့လူမျိုး တွေဖြစ်တယ်။ တစ်ရွာနဲ့တစ်ရွာ လမ်းပန်း ဆက်သွယ်ရေးမကောင်းတာလည်းပါတယ်။ ဇိုတွာလ်လိုင်း(ခေါ်) ပေါ်ကျင့်ဟောစာပေဟာ ချင်းသမိုင်းရဲ့ ပထမဦးဆုံးအက္ခရာစာဖြစ်တယ် လို့ ကျွန်တော့်အဘိုးက တက္ကသိုလ်တက်တုန်း က ပြောခဲ့ဖူးပါတယ်။ ချင်းစာပေကို ပထမဦးဆုံး တီထွင်တဲ့သူက ပေါ်ကျင့်ဟောပဲဖြစ်ပါတယ်။ တချို့ဟားခါး၊ ဖလမ်းနဲ့ တခြားချင်းတိုင်းရင်း သားတွေမှာလည်း အက္ခရာတွေရှိပါတယ်။ ဒါပေမယ့် အဲဒီအက္ခရာတွေက အင်္ဂလိပ် သာသနာပြုတွေက တီထွင်ပေးတဲ့စာပေဖြစ်တဲ့ အတွက် ကျွန်တော်တို့ရဲ့ စာပေအစစ်မဟုတ် ပါဘူး။
ဇိုတွာလ်လိုင်းလို့ ခေါ်တဲ့ ပေါ်ကျင့်ဟော စာပေဟာ မူရင်း ချင်းဦးနှောက်အသိဉာဏ်နဲ့ ဖန်တီးတီထွင်တာဖြစ်တယ်။ ကျွန်တော်တို့ အင်္ဂလိပ်က တီထွင်ပေးတဲ့ဟာနဲ့မဟုတ်ဘဲ ကျွန်တော်တို့ ချင်းဦးနှောက်နဲ့ တီထွင်ဖန်တီး ထားတဲ့ ပေါ်ကျင့်ဟောစာကို ကျွန်တော်တို့က လက်ခံပြီးတော့မှ နောက်နောင်မှာလည်း သင်ကြားနိုင်ဖို့ ကျွန်တော်တို့ ချင်းလူမျိုးတွေ ကနေ ကြိုးပမ်းဆောင်ရွက်သွားဖို့ အားပေး တိုက်တွန်းချင်ပါတယ်”ဟု ၂၀၁၇ ခုနှစ် ဇူလိုင် ၃၁ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ကလေး တက္ကသိုလ်၊ ကဘော်(၃)ခန်းမ၌ ကျင်းပ သော ဇိုတွာလ်လိုင်းစာပေအက္ခရာ စာတမ်း ဖတ်ပွဲ၌ ချင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးခေါသွလာလ်က ပြောကြားခဲ့သည်။
နိဂုံး
မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများသည် တိုင်းရင်းမိခင်စာပေမရှိကြသော်လည်း ချင်းပြည်နယ်တွင် နေထိုင် သည့်လူမျိုးများက ကိုယ်ပိုင်စာပေရှိ၍ အလွန် ဂုဏ်ယူဖွယ်ဖြစ်ပါသည်။ ဤချင်းစာပေမှာ သင်ယူသူတို့အတွက် ရေးသားနည်း၊ စာလုံး ပေါင်းနည်း၊ အသံထွက်နည်း ရိုးရှင်းလွယ်ကူ လှသဖြင့် စိတ်ဝင်စားသူတို့အတွက် ခုနစ်ရက် အတွင်းပင် တတ်မြောက်နိုင်ခဲ့ပြီး လူတချို့က ခုနစ်ရက်စာပေဟုပင် တင်စားခေါ်ဝေါ်ကြပါ သည်။ ထို့ကြောင့် အနာဂတ် ချင်း(ဇိုမီး)လူငယ် များက တိုင်းရင်းဖွားမိမိကိုယ်ပိုင်စာပေ၊ မိခင် ဘာသာစာပေကို ချစ်မြတ်နိုးပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးအတွက် မိမိလူမျိုးနှင့် မိမိစာပေကို မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရန်နှင့် တိုးတက်ပြန့်ပွားစေရန် အားလုံးဝိုင်းဝန်းကြိုးပမ်းကြရန် လိုအပ် ကြောင်း တိုက်တွန်းနှိုးဆော်ရေးသားတင်ပြ လိုက်ရပါသည်။ ။
မှီငြမ်းကိုးကား - အခြေခံချင်းပင်ရင်းစာပေ ရေးသား နည်း၊ ၂၀၁၃
- ဇိုမီးတိုင်းရင်းသားမိခင်စာပေ (ခေါ်) ဇိုတွာလ်လိုင်းအကြောင်း ရှင်းလင်း ချက်စာစောင်
- ဇိုတွာလ်လိုင်း(Zotual Lai) အက္ခရာ စာတမ်းဖတ်ပွဲမှတ်တမ်း၊ ၂၀၁၇
Credit : ဇွန် ၁၄၊ ကြေးမုံ
Post a Comment