Header Ads

test

UN General Meeting (21-26 /9/2022)

 Security Council vote sets up emergency UN General Assembly session on  Ukraine crisis | | UN News

ကုလသမဂ္ဂ အထွေထွေညီလာခံအနေနဲ့ မြန်မာနိုင်ငံကိုယ်စားလှယ်ကို မရွေး ချယ်နိုင်ပဲ ဖြစ်နေတဲ့အတွက် မြန်မာပြည်သူတွေရဲ့အသံကို နိုင်ငံတကာကို တင်ပြခွင့် ဆုံးရှုံးနေရတယ်လို့ဆိုရင် မှားမယ်မဟုတ်ပါဘူး။ ဒါဖြင့်ရင် Credential Committee လို့ခေါ်တဲ့ ကိုယ်စားလှယ်စိစစ်ရေး ကော်မီတီ အနေနဲ့ တဘက်ဘက်က ရွေးချယ်သူကို မြန်မာကိုယ်စားလှယ်အဖြစ် လက်ခံလိုက်ပြီဆိုရင်ကော ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာနိုင် ပါသလဲ။ အမေရိကန်ပြည်ထောင်စု George Washington တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ Christina Fink နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
 
မေး ။ ။ အခု ကုလသမဂ္ဂအထွေထွေညီလာခံက မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် ဘယ်သူကို လက်ခံမယ်ဆိုတာကို သူတို့အဆုံးအဖြတ် မပေးနိုင်ဘဲ၊ ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။ ဆိုတော့ ဒီလိုအဆုံးအဖြတ် မပေးနိုင်ဘဲ ဖြစ်နေခြင်းဟာ မြန်မာပြည်သူတွေအနေနဲ့ သူတို့ရဲ့ အခြေအနေတွေကို ကမ္ဘာကသိအောင် တင်ပြပိုင်ခွင့် ဆုံးရှုံးနေတာ ဖြစ်တယ်ဆိုရင် မှားပါသလား။ အခု မြန်မာနိုင်ငံရဲ့ အခြေအနေကလဲ သိပ်ကိုအရေးတကြီး ဖြစ်နေတဲ့ အခြေအနေပါ။ ဒီအချိန်မှာ သူတို့ရဲ့ အခြေအနေကို ကမ္ဘာကို တင်ပြခွင့်မရကြဘူးပေါ့။
 
ဖြေ ။ ။ Credential Committee အခြေအနေကို အရင်ရှင်းပြပြီးတော့ ဒီနေ့ထက် ဖြစ်လာနိုင်တယ်ဆိုတာကို ပြောချင်ပါတယ်။ ဖြစ်နိုင်ခြေ (၃) ခု ရှိပါတယ်။ တခုက NUG ကိုယ်စားလှယ် ဦးကျော်မိုးထွန်းက မြန်မာအစိုးရနဲ့ ပြည်သူလူထုကို ကိုယ်စားပြုသူအဖြစ် ရွေးချယ်ခံရနိုင်တယ်။ ဒုတိယဖြစ်နိုင်ခြေက စစ်ကောင်စီက ခန့်ထားသူက မြန်မာကိုယ်စားလှယ် ဖြစ်နိုင်ခြေနဲ့ တတိယတခုကတော့ ဆုံးဖြတ်ချက်ကို နောက်တနှစ် ဆိုင်းငံ့ပြီး ဦးကျော်မိုးထွန်းကိုပဲ ဆက်လက်ရှိနေမယ်။ သူဟာ အထွေထွေညီလာခံရဲ့ လုပ်ဆောင်ချက်တွေမှာ ပါဝင်ခွင့်ရမယ်။ ဒါပေမဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီးတော့ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောခွင့်ရမှာ မဟုတ်ပါဘူး။ ဒီလိုဖြစ်လာရင်တော့ ရှင်ပြောတာ မှန်ပါတယ်။ မြန်မာပြည်သူတွေအနေနဲ့ သူတို့အသံကို အထွေထွေညီလာခံမှာ တင်ပြမယ့် ကိုယ်စားလှယ်မရှိဘဲ ဖြစ်နေပါလိမ့်မယ်။ ကုလသမဂ္ဂအထွေထွေညီလာခံ
 
မေး ။ ။ Credential Committee ကိုယ်စားလှယ်စီစစ်ရေးအဖွဲ့မှာ ပါဝင်တဲ့ အဖွဲ့ဝင်တွေထဲမှာ စစ်ကောင်စီကို လိုလားသူ။ NUG ကို လိုလားသူဆိုပြီးတော့ သဘောထားကွဲလွဲနေတယ်ဆိုတော့ တကယ်အဆုံးအဖြတ်ပေးဖို့ဆိုတာက အထွေထွေညီလာခံကို လွှဲပြောင်းပေးရမယ်လို့ တချို့ကပြောကြပါတယ်။ အဲဒီလို အဆုံးအဖြတ်ပေးဖို့ အထွေထွေညီလာခံအနေနဲ့ ဘယ်လိုများ ပြဿနာ ရှိနေပါလဲ။
 
ဖြေ ။ ။ လုပ်ငန်းစဉ်ကတော့ စီစစ်ရေးကော်မတီအနေနဲ့ စစ်ကောင်စီဘက်က တင်ပြတဲ့ ကိုယ်စားလှယ်လောင်းနဲ့ NUG ဘက်က တင်ပြတဲ့ ကိုယ်စားလှယ်လောင်းတို့ကို စီစစ်မယ်။ ပြီးတော့ သူတို့က ဘယ်သူကိုရွေးမယ်ဆိုတာကို ဆုံးဖြတ်ပြီးတော့ UNGA ကို အတည်ပြုပေးဖို့ တင်ပြရမှာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အဲဒီတင်ပြချက်ကို အထွေထွေညီလာခံအတွင်း ဆွေးနွေးမနေဘဲ၊ အတည်ပြုရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စမှာ ဖြစ်နိုင်တာကတော့ စီစစ်ရေးကော်မတီရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်တဲ့ နိုင်ငံအချို့ ရှိလာမယ်ဆိုရင်တော့ ညီလာခံမှာ မကျေနပ်ကြောင်း ဆွေးနွေးရတာတွေ ရှိလာမယ်။ ပုံမှန်အားဖြင့်တော့ အထွေထွေညီလာခံဆိုတာက စီစစ်ရေးကော်မတီ တင်ပြချက်ကို အတည်ပြုပေးတဲ့ Rubber Stamp သာ ဖြစ်တဲ့အတွက် စီစစ်ရေးကော်မတီက အခြေအနေကို အလေးထားစောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
 
မေး ။ ။ အဲဒီ ကော်မတီစီစစ်ရေး ကော်မတီရဲ့ စဉ်းစားချက်က ဘယ်အပေါ်မှာ အခြေခံပါသလဲ။ မြန်မာနိုင်ငံရဲ့ အခြေအနေကို သူတို့လက်တွေ့ကျကျ စဉ်းစားပြီးပြောသလား။ သို့တည်းမဟုတ် အဖွဲ့ဝင်နိုင်ငံတွေကြားမှာ အပြိုင်အဆိုင် ဖြစ်နေတာနဲ့ အခြေခံကျသလား။ ဒါမှမဟုတ်ရင်လဲ သူတို့မှာ တစုံတရာ စံသတ်မှတ်ချက်ဆိုတာ ရှိပါသလား။ ဘယ်လို criteria တွေ သတ်မှတ်ထားပါသလဲ။
 
ဖြေ ။ ။ စီစစ်ရေးကော်မတီမှာ စံသတ်မှတ်ချက်တွေ သတ်မှတ်ထားတာတော့ သိပ်မရှိပါဘူး။ မြန်မာနိုင်ငံအတွက်သာ မဟုတ်ပါဘူး၊ အလားတူကိစ္စရပ်တွေ အများကြီးရှိခဲ့ဖူးပါတယ်။ အာဖဂန်နိစ္စတန်ကိစ္စမှာလည်း အလားတူ ဖြစ်နေတာပါ။ မကြာသေးမီနှစ်တွေအတွင်း သူတို့အခြေခံ စဉ်းစားခဲ့ကြတာတွေကတော့ နိုင်ငံရဲ့နယ်မြေ အများစုကိုတော့ ဘယ်ဘက်က ထိန်းချုပ်ထားနိုင်မလဲ။ မြန်မာကိစ္စမှာဆိုရင်တော့ စစ်ကောင်စီဘက်ကလား။ အခြားတဘက်ကလား စသဖြင့်ပေါ့။ ဒီမိုကရေစီနည်းကျ ရွေးချယ်ခံထားရမှုကို ကြည့်ပါတယ်။ မြန်မာနိုင်ငံမှာတော့ စစ်ကောင်စီက ပြည်သူရွေးချယ်ထားတဲ့ အစိုးရဆီက အာဏာသိမ်းထားတာပါ။ ပြီးတော့ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေကိုလည်း ဘယ်ဘက်ကို ပိုလိုက်သလဲဆိုတာလဲ ပါဝင်ပါတယ်။ ဒါတွေအပြင် စီစစ်ရေးကော်မတီက ထည့်သွင်းစဉ်းစားရမှာ ပါဝင်လာတဲ့ အချက်တွေကတော့ အထွေထွေညီလာခံမှာ ဆွေးနွေးတင်ပြကြတာတွေ၊ ကုလဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေ ဆုံးဖြတ်ချက်တွေပဲ ဖြစ်ပါတယ်။ ပြီးတော့ နိုင်ငံအတွင်း ဖြစ်ပျက်နေတာတွေ၊ 
 နိုင်ငံတကာအခင်းအကျင်းတွေအပေါ် ရိုက်ခတ်မှု စတာတွေအပေါ် ထည့်သွင်းစဉ်းစားခဲ့ကြတာ တွေ့ရပါတယ်။
 
မေး ။ ။ အဲဒီတော့ Christina ပြောသလို စဉ်းစားပြီးတော့ ဆုံးဖြတ်ကြတဲ့နေရာမှာ Veto အာဏာသုံးနိုင်တဲ့ နိုင်ငံကော ရှိပါသလား။
 
ဖြေ ။ ။ သူတို့ကတော့ ဘုံသဘောတူညီချက်နဲ့ ဆုံးဖြတ်ဖို့ အားထုတ်ကြပါတယ်။ ဒါပေမဲ့ သဘောထားကွဲလွဲနေကြရင်တော့ အလယ်လမ်းကို ရွေးပြီးတော့ ဆုံးဖြတ်ပေးမယ့်ကိစ္စကို နောက်တနှစ် ဆိုင်းငံ့ကြမှာ ဖြစ်ပါတယ်။ အားလုံးသဘောတူညီလာနိုင်အောင် စောင့်ဆိုင်းရတဲ့ သဘောပါပဲ။ မြန်မာကိစ္စမှာတော့ နိုင်ငံအတော်များများက NUG အစိုးရက ရွေးချယ်ထားသူကို လက်ခံသင့်တယ်လို့ ယူဆသူတွေ ဖြစ်နိုင်ပြီး၊ တချို့ကလဲ ဒါကိုလက်ခံဆုံးဖြတ်ဖို့ အဆင်သင့်မဖြစ်သေးသူတွေ ရှိနေကောင်းရှိနေပါမယ်။ အဲဒီကိစ္စကို ယတိပြတ်ဆုံးဖြတ်နိုင်တဲ့အဆင့် မရောက်သေးဘူးလို့ ယူဆသူတွေ ရှိနေပါတယ်။ နောက်တနှစ် ဆက်ရွှေ့မယ့်သဘောပါ။ ဒါဟာ မြန်မာတနိုင်ငံတည်း မဟုတ်ပါဘူး။ အရင်ကလဲ အလားတူကိစ္စတွေ ရှိခဲ့ပြီးတော့ တချို့ကိစ္စတွေဆိုရင် သုံးလေးနှစ်လောက် ရွှေ့ဆိုင်းခဲ့ရဖူးပါတယ်။
 
မေး ။ ။ အဲဒီတော့ ကျနော်တို့က NUG က ရွေးချယ်တဲ့ ကိုယ်စားလှယ်ကို လက်ခံဖို့ အထွေထွေညီလာခံက ဆုံးဖြတ်လိုက်ပြီဆိုကြပါစို့။ ဒီလိုဆုံးဖြတ်လိုက်တဲ့အတွက် ရရှိနိုင်တဲ့ အကျိုးရလဒ်တွေက ဘာတွေလဲဆိုတာကို ကြည့်ရအောင်ပါ။ NUG ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရလို့ အသိမှတ်ပြုလိုက်ပြီဆိုတဲ့ သဘောလား။ အဲဒီလို တကမ္ဘာလုံးက သတ်မှတ်ကြမလား။
 
ဖြေ ။ ။ အခု အသိအမှတ်ပြုရမှာက ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြု လက်ခံရမှာ ဖြစ်ပါတယ်။ ပြီးတော့ NUG အနေနဲ့ ကုလဆိုင်ရာ တခြားအဖွဲ့အစည်းတွေ WHO နှစ်ပတ်လည်ညီလာခံ၊ လူ့အခွင့်အရေးကောင်စီ စတဲ့နေရာတွေအတွက် မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်တွေကိုပဲ NUG က ခန့်အပ်ရမှာ ဖြစ်ပါတယ်။ ဆိုတော့ ဒါကအရေးကြီးပြီးတော့ စစ်ကောင်စီကို ဆန့်ကျင်နေသူတွေအတွက် အားတက်စရာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း အခြေအနေကို နိုင်ငံတကာအသိုင်းအဝိုင်းက အလေးအနက်ထားတယ်။ စစ်ကောင်စီက တရားမဝင်ဘူးလို့ အသိအမှတ်ပြုတယ်လို့ မှတ်ယူစရာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအခြေအနေတွေ တနေ့စစ်ကောင်စီ ဖယ်ရှားရေးအတွက် ဘယ်လို သက်ရောက်လားနိုင်သလဲဆိုတာကတော့ သိပ်ပြီးတော့ ရှင်းရှင်းလင်းလင်း ပြောလို့မရနိုင်သေးပါဘူး။ ကျန်နိုင်ငံတွေကလဲ စစ်ကောင်စီကို စစ်ရေးအထောက်အပံ့ပေးမယ့် ကိစ္စတွေကို ပိုပြီးသတိထားလာမယ်။ အနည်းဆုံး နှစ်ကြိမ်တော့ စဉ်းစားလာကြမယ်လို့ ကျမ ထင်ပါတယ်။
 
မေး ။ ။ ဒါပေမဲ့ စစ်ကောင်စီကတော့ ပြောနေပါတယ် သူတို့ရွေးချယ်မယ့်လူကို အထွေထွေညီလာခံက အသိအမှတ်ပြု လက်ခံခြင်းမရှိပေမဲ့ ကုလသမဂ္ဂဆိုင်ရာ တခြားအဖွဲ့အစည်းတွေ WHO တို့လို အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံနေတာဟာ သူတို့စစ်ကောင်စီအစိုးရသာ ဖြစ်တယ်လို့ ပြောနေပါတယ်။ ဆိုတော့ တကယ့်အခြေအနေနဲ့ ဖြစ်နေတာနဲ့တော့ တခြားဆီ အလွဲလွဲအချော်ချော် ဖြစ်နေတယ်လို့ပြောရင် ရမလား။
 
ဖြေ ။ ။ ဟုတ်ပါတယ်။ ကုလသမဂ္ဂ ရှုထောင့်ကနေကြည့်ရင် ဒါဟာ ရှုပ်ရှုပ်ထွေထွေ ဖြစ်နေတာပါ။ ဒီလိုအခြေအနေမျိုးနဲ့ ပတ်သက်ပြီးတော့ တိကျတဲ့လုပ်ထုံးလုပ်နည်းတွေ မရှိတဲ့အတွက် ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ ကိုင်တွယ်နေပုံဟာ အတော်လေး ရှုပ်ထွေနေပါတယ်။ အထွေထွေညီလာခံမှာ လက်ရှိကိုယ်စားလှယ်ကလည်း ဆက်ရှိနေပြီတော့ ရှေ့အလားအလာကို ဆိုင်းငံ့ထားလေတော့ တခြားနေရာတွေအတွက် ကိုယ်စားလှယ်ကိစ္စ ဘာလုပ်ရမလဲဆိုတာ ခက်နေပါတယ်။ ဥပမာအားဖြင့် ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာဆိုရင် စစ်ကောင်စီကပဲ ကိုယ်စားပြုဆောင်ရွက်နေတာ တွေ့ရပါတယ်။ ဒါပေမဲ့ ဘယ်ဘက်ကိုမှ လက်မခံဘဲ ဆိုင်းငံ့နေတဲ့ အဖွဲ့အစည်းတွေလည်း ရှိပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံအတွင်းမှာ ကွင်းဆင်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ အခက်ကြုံရပါတယ်။ သူတို့လုပ်ငန်းကိုလည်း ဆက်လက်ဆောင်ရွက်လိုတယ်။ တပြိုင်ထဲမှာပဲ စစ်ကောင်စီကိုလည်း တရားဝင်အစိုးရကိုလည်း တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုလိုကြပါဘူး။
 
မေး ။ ။ တချို့ကတော့ ယူဆနေကြပါတယ်။ မျှော်လင့်နေကြတယ်လို့ပြောရင် ပိုမှန်လိမ့်မယ်။ ကုလသမဂ္ဂအထွေထွေညီလာခံက NUG ရွေးချယ်သူကို တရားဝင်ကိုယ်စားလှယ်အဖြစ် သတ်မှတ်လိုက်ခြင်းဟာ စစ်ကောင်စီကို အာဏာက ဖယ်ရှားရေးအထိ အကျိုးသက်ရောက်မှု ရှိသွားလိမ့်မယ်လို့ မျှော်လင့်နေကြတာတွေ ရှိပါတယ်။ နိုင်ငံတကာဆက်ဆံရေး ပါမောက္ခတဦးအနေနဲ့ သူတို့ကို ဘယ်လိုများ ပြန်လည်ရှင်းပြလိုပါသလဲ။
 
ဖြေ ။ ။ ဦးကျော်မိုးထွန်းကို မြန်မာကိုယ်စားလှယ်အဖြစ် အထွေထွေညီလာခံမှာ လက်ခံလိုက်တာဟာ မြန်မာပြည်သူတွေအတွက် ထူးခြားလေးနက်မှု ရှိစေတယ်ဆိုတာကတော့ သိသာနိုင်တဲ့အချက်ပါ။ ဒါပေမဲ့ အဲဒီလေးနက်မှုဟာ လက်တွေ့ဖြစ်ပျက်နေတဲ့ အခြေအနေကို ဘယ်လောက်အထိ ပြောင်းလဲစေနိုင်မလဲဆိုတာကတော့ မသေချာပါဘူး။ ယခင်စစ်အစိုးရတွေကို ကြည့်မယ်ဆိုရင် သူတို့က ဘာမှဂရုမစိုက်ဘဲ၊ သူတို့ပဲဆက်လက် အုပ်စိုးသွားခဲ့ပါတယ်။ ဆိုတော့ ကျမတို့ သေသေချာချာ ပြောနိုင်တာက ဒါဟာ စစ်အစိုးရအနေနဲ့ သူတို့ဆက်သွားလို့ မရဘူးဆိုတာကို သဘောပေါက်စေတဲ့ အခြေအနေတွေအနက် နောက်ထပ်တိုးလာမယ့် အခြေအနေတရပ် ဖြစ်တာပါ။ စစ်ကောင်စီခေါင်းဆောင်ပိုင်းက သူတို့အနေနဲ့ သူတို့လုံခြုံရေးအတွက်ဖြစ်ဖြစ်၊ အခြားအချက်တွေကြောင့်ပဲဖြစ်ဖြစ် သူတို့ဆက်မလုပ်နိုင်တော့ဘူးဆိုတဲ့ အမြင်တွေရနိုင်ဖို့ အရေးကြီးပါတယ်။
 
မေး ။ ။ နောက်တဘက်ကကြည့်မယ်ဆိုရင်တော့ စစ်ကောင်စီကလဲ သူတို့ရပ်တည်ရေး ပိုမိုခိုင်မြဲလာအောင် ကျားကုတ်ကျားခဲ ဖက်တွယ်နိုင်ဖို့ ပိုပြီးကြိုးပမ်းလာပါလိမ့်မယ်။ သူတို့ကို ထောက်ခံတဲ့နိုင်ငံတွေဆီက အကူအညီတွေ ပိုရအောင် ရတဲ့နည်းနဲ့ ကြိုးပမ်းလာမှာ ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။ အဲဒီတော့ ပြည်တွင်းမှာ တင်းမာမှုတွေ ပဋိပက္ခတွေ ပိုပြီးဆိုးဝါးလာနိုင်ခြေ ရှိတယ်ဆိုရင်ကော မမှန်ဘူးလား။ ကျနော်က ထောင့်စေ့အောင် တွေးကြည့်တာပါ။
 
ဖြေ ။ ။ စစ်ကောင်စီကတော့ ရနိုင်တဲ့နေရာတွေက အကူအညီတွေကို ဆွဲကိုင်လိမ့်မယ်။ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို ထပ်ပြီးတော့ အရှိန်မြှင့်လာမယ်။ ရုရှားအကူအညီတွေ ပိုတောင်းခံလာမယ်။ ရုရှားကလည်း မြန်မာအပေါ် နောက်ပြီးတော့ အရှေ့တောင်အာရှမှာလည်း စိတ်ဝင်စားတယ်ဆိုတော့ အကူအညီတွေ ဆက်ပေးမှာ သေချာပါတယ်။ ဒါပေမဲ့ စစ်ကောင်စီထဲကတချို့က သူတို့အဖို့ ရိက္ခာဝေစု အလုံအလောက် ရရှိနေသည့်တိုင် ရှေ့ဆက်အခြေအနေ မဟန်ဘူးလို့ သဘောပေါက်လာပြီဆိုရင်တော့ တမျိုးတမြည် ဖြစ်သွားနိုင်ပါတယ်။
 
မေး ။ ။ ဆိုတော့ ကျနော်က နောက်ဆုံးနိဂုံးချုပ်ချင်တာကတော့ NUG ခန့်ပေးသူကို ကုလသမဂ္ဂက တရားဝင်အသိအမှတ် ပြုလိုက်ခြင်းဟာ မြန်မာနိုင်ငံရဲ့ ပြဿနာအလုံးစုံ ပြေလည်ရေးအတွက် နောက်ဆုံးထွက်ပေါက်တော့ မဟုတ်ဘူးဆိုတာပါပဲ။ ဒီ Conclusion ကို ပါမောက္ခ Christina ဘယ်လိုသဘောရပါသလဲ။
 
ဖြေ ။ ။ ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ အဲဒါ မှန်တယ်လို့ ပြောရမှာပါ။ အဲဒီအသိအမှတ်ပြုမှုက အရေးကြီးပေမယ့် Regime Change အုပ်ချုပ်မှု အပြောင်းအလဲ ဖြစ်စေဖို့အတွက် မလုံလောက်ပါဘူး။ သို့သော် ဒါဟာ ပြောင်းလဲမှုအတွက် စုစည်းလာတဲ့ အခြေအနေတွေပါ။ ထိရောက်တဲ့ အပြောင်းအလဲဖြစ်ဖို့ အခြေအနေတွေ စုစည်းလာပြီလို့ ကျမ ထင်ပါတယ်။

No comments

LAND of CANAAN

    Canaan is an ancient term for a region approximating present-day Israel , the West Bank and the Gaza Strip , plus adjoining coastal la...