ဗိုလ်ချုပ်နေဝင်း အစိုးရအား တော်လှန်ခြင်း(5)
ဗိုလ်ချုပ်နေဝင်း အစိုးရအား တော်လှန်ခြင်း (5)
ထိုသို့တော်လှန်ရေးကောင်စီ၏ လုပ်ရပ်များအား လက်ပိုက် ကြည့်
မနေနိုင်တော့သည့်အဆုံး တော်လှန်ရေးကောင်စီအစိုးရအား တော်လှန်ပြီး
လွတ်လပ်သောချင်းပြည်ထူထောင်ရန်အတွက် ချင်းအမျိုးသားလက်နက်ကိုင်
တော်လှန်ရေးကို စတင်ရန် မြန်မာပြည်မှထွက်ခွာခဲ့သည်။
အခြားချင်းခေါင်းဆောင်များ နှင့် လွှတ်တော်အမတ်ဟောင်းများဖြစ်ကြသော Pu
Hrang Nawl (Ex-MP), Pu Dam Kho Hau, Pu Pa Cung Nung, Pu Mang Kho Pau, Pu
Son Cin Lian (Ex-MP), Pu Ral Hmung (Ex-MP), Pu Hmun Hre and Pu Ro Thang
(Ex-MP) တို့သည်လည်း သူတို့ အစီအစဉ် ကိုယ်စီဖြင့် တော်လှန်ရေးစတင်ရန်
အိန္ဒိယသို့ ထွက်ခွာခဲ့ကြသည်။
ချင်းတော်လှန်ရေးသမား အားလုံးတို့သည် အိန္ဒိယ-မြန်မာနယ်စပ် တစ်လျှောက်တွင် ကိုယ်စီစခန်းချခဲ့ကြသည်။ အိန္ဒိယအစိုးရက ချင်း တော်လှန်ရေးသမားများအား နယ်စပ် ၂၅ မိုင်ပတ်လည် အတွင်း ခိုလှုံခွင့်ပေးခဲ့ပြီး သူတို့၏ နေထိုင် စားသောက်ရေး အတွက် ငွေကြေး အကူအညီ ပေးခဲ့သည်။
ဦးဆွန်ခိုပေါင် သည် ၁၉၆၄ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင်အိမ်မှထွက်ခွာပြီး အိန္ဒိယနိုင်ငံ မဏီပူရ် သို့သွားရောက်ခဲ့သည်။ ၁၉၆၄ နှစ်ကုန်ပိုင်းတွင် ကျမ်ဖိုင် သို့ရောက်ရှိခဲ့ပြီး ဦးသွန်ခိုပုမ် နှင့်တွေ့ ဆုံခဲ့သည်။ ဦးသွန်ခိုပုမ် သည် Paite National Council ၏ခေါင်းဆောင်ဖြစ်သည်။ သူတို့ နှစ်ဦး တွေ့ဆုံပြီးနောက် ချင်းလက်နက်ကိုင် တော်လှန်ရေး အဖွဲအစည်း တစ်ရပ် တည်ထောင်ရန် ဆုံးဖြတ် ခဲ့ကြသည်။ အခြားချင်းခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့ပြီး ဦးဟရန်နောလ် နှင့် အခြား ခေါင်းဆောင်များ၏ သဘောတူညီမှုဖြင့် ဦးဆွန်ခိုပေါင် နှင့် ဦးသွန်ခိုပုမ် တို့သည်တပ်သား ၃ဝ နှင့်အတူ အရှေ့ပါကိစ္စတန် နိုင်ငံ (ယ္ခု ဘင်္ဂလားဒေရှ်) သို့ စစ်သင်တန်းတက်ရောက်ရန် ၁၉၆၅ နှစ်ဦးပိုင်း တွင် ထွက်ခွာခဲ့ကြသည်။
သူတို့သည် လမ်းခရီးတွင် တပ်သားများ ထပ်မံစုစောင်း ခဲ့ကြသည်။ လမ်းခရီးတွင် သူနှင့် ဦးသွန်ခိုပုမ် သည်စည်းလုံးသောချင်းအစိုးရ (United Chin Government) အားဖွဲ့စည်းခဲ့ကြပြီး ဦးသွန်ခိုပုမ် အားဝန်ကြီးချုပ်အဖြစ်၊ ဦးဆွန်ခိုပေါင် အား ကာကွယ်ရေး ဝန်ကြီးအဖြစ်၊ ဦးဟရန်နောလ် အား နိုင်ငံခြားရေး ဝန်ကြီး အဖြစ်ခန့်အပ်ခဲ့ကြသည်။ ထိုအကြာင်းကိုမူ ဦးဟရန်နောလ် မှမသိရှိခဲ့ပေ။ သုံးလ စစ်လေ့ကျင့်ရေးဆင်းပြီးနောက် တပ်သား ၁၅ဝ နှင့် အတူ စခန်းသို့ပြန်သွားရန် ပြန်သွားရန်ပြင်ဆင်ခဲ့ကြသည်။
အပြန်လမ်း တွင် ရခိုင်တောင်တန်း နှင့် ချင်းတောင်တန်း ဒေသအား ဖြတ်သန်းကြရမည် ဖြစ်ရာ ဗမာ့တပ်မတော် နယ်စပ်စခန်းမှ တပ်သားများနှင့် တိုက်ပွဲဖြစ်နိုင်ချေရှိသည်။ သူတို့ပြန်လာမည့်အကြောင်းအား Champhai ရှိချင်းခေါင်းဆောင်များအား အကြောင်းကြားပြီးနောက် Champhai ရှိချင်းခေါင်းဆောင်များသည် သူတိ့ု အပြန်ခရီးအဆင်ပြေနိုင်ရန်အတွက် ချင်းပြည်နယ်ရှိ အစိုးရတပ်စခန်းများအား ဝင်ရောက် တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ အစိုးရတပ်အား အာရုံလွဲစေရန် နှင့် ဘဏ္ဍာငွေ ရရှိနိုင်ရေးအတွက် ဦးဟရန်နောလ် သည်ဟားခါးမြို့ပေါ်မှ ရဲစခန်းအား တိုက်ခိုက်ရန်ထွက်ခွာခဲ့သည်။ ဦးဟရန်နောလ် သည်တပ်သား ၂၂ ဦးအား ဦးဆောင်ပြီး ရိ တွင် တပ်ဆွဲထားသော မြန်မာတပ်စခန်းအား သိမ်းပိုက်နိုင်ခဲ့သည်။
သူတို့ဟားခါး စခန်းအရောက်တွင်ပင် အစိုးရရဲတပ်ဖွဲ့ သည် ကြိုတင်သတင်းရရှိထားသဖြင့် အဆင်သင့် နေရာယူတပ်စွဲထားပြီးဖြစ်သည်။ တိုက်ပွဲငယ် ဆင်နွဲကြ ပြီးနောက် နောက်ပြန်လည်ဆုတ်ခွာ ရန် ဆုံးဖြတ်ခဲ့ ကြသည်။ ထိုတိုက်ပွဲတွင် ဦးဟရန်နောလ် တို့ဘက်မှ တစ်ဦးကျဆုံးခဲ့သည်။
တစ်ပြိုင်တည်း Pu Thual Zen ခေါင်းဆောင်သော တပ်သား ၇ဝဝ ကျော်သည်လည်း တီးတိန်ရှိ အစိုးရတပ်စခန်းများအား တိုက်ခိုက်ရန် ချီတက်ခဲ့ကြသည်။ သို့သော် ထိုအချိန်က အနောက်မြောက်ပိုင်း စစ်ပိုင်းစစ်ဌာနချုုပ်တိုင်းမှူး ဗိုလ်မှူးကြီး ဗန်ကုလ် နှင့် ချင်းတောင်အရေးပိုင် ဦး ထောင်းကျင်တန်း တို့မှ ဖျောင်းဖျနိုင်ခဲ့ခြင်းကြောင့် တိုက်ပွဲ မဖြစ်ခဲ့ချေ။ ဦးဆွန်ခိုပေါင် နှင့်တပ်သားတို့သည်လည်း နယ်စပ်တွင် ရောက်ရှိခဲ့ကြပြီး ချင်းတော်လှန်ရေး ခေါင်းဆောင်များနှင့် တစ်ဖန်ပြန်လည်တွေ့ဆုံခဲ့ကြသည်။ တော်လှန်ရေး စတင်ကတည်းက ချင်းခေါင်းဆောင်များအကြား သဘောထားကွဲလွဲခဲ့ကြသည်။
ဦးဆွန်ခိုပေါင် နှင့် ဦးသုန်ခိုပုမ် တို့ နှစ်ဦး ကမူ မြန်မာပြည်နှင့် အန္ဒိယ နိုင်ငံတွင်ရှိသော ချင်းလူမျိုးများကို ပြန်လည်ပေါင်းစည်းကာ လွတ်လပ်သော ချင်းနိုင်ငံတော် ထူထောင်ရန်အတွက် မြန်မာအစိုးရ နှင့် အိန္ဒိယအစိုးရ နှစ်ခုစလုံးအားတပြိုင်နက်တည်း တော်လှန် တိုက်ခိုက် ရန် ဆန္ဒရှိကြသည်။ အခြားအုပ်စု ဖြစ်သော ဦးဟရန်နောလ်, Pu Son Cin Lian, Pu Dam Kho Hau, Pu Pa Cung Nung, Pu Mang Kho Pau, Pu Ral Hmung, Pu Hmun Hre, Pu Ro Thang နှင့် Pu Thual Zen တို့ကမူ အိနွိယအစိုးရကို တော်လှန်လို့ အဖြစ်နိုင်ကြောင်း၊ ထိုသို့တော်လှန်ပါက မိမိတို့နေစရာနေရာပင်ရှိမှာ မဟုတ်ကြောင်းဆိုပြီး တော်လှန်ရေး ကောင်စီ အစိုးရကိုသာ တော်လှန်ချင်ကြသည်။
ထို့ကြောင့် ခေါင်းဆောင်နှင့် တပ်သားများအကြား မဲခွဲဆုံးဖြတ်ရာမှ ဦးဟရန်နောလ် ဘက်မှ အနိုင်ရရှိခဲ့ပြီး ဦးဟရန်နောလ် မှ ဦးဆွန်ခိုပေါင် အား ကာကွယ်ရေးဝန်ကြီးမှ ဖြုတ်ချခဲ့ရာ လမ်းခွဲခဲ့ကြရသည်။ ဦးဆွန်ခိုပေါင် နှင့် ဦးဟရန်နောလ် တို့လမ်းခွဲပြီး ဦးဆွန်ခိုပေါင် နှင့်အဖွဲ့သည် Naga National Council မှခေါင်းဆောင်များနှင့် တွေ့ဆုံရန် Nagaland သို့ထွက်ခွာခဲ့ရသည်။ ထိုသို့ခရီးနှင်ရာလမ်းခရီးတွင် 7th Assam Rifles မှ ဦးဆွန်ခိုပေါင် နှင့် အဖွဲ့ အားဖမ်းဆီးခဲ့သည်။ ဦးဆွန်ခိုပေါင် သည် 7th Assam Rifles မှတပ်သားများအား နာဂတပ်သားများထင်မှတ်ပြီး ခုခံမှုမပြုခဲ့ကြပေ။
နာဂတပ်သား များ သည် သူတို့အား ကြိုဆိုရန်အစီအစဉ်ရှိပြီးဖြစ်သည်။ ထို အဖြစ်အပျက် မှာ ၁၉၆၅ ခုနှစ် ဇွန်လ တွင် ဖြစ်သည်။ အခြားချင်းတော်လှန်ရေး ခေါင်းဆောင်များသည် လည်း အန္ဒိယ အစိုးရ မှ ဖမ်းဆီးခြင်းခံ ခဲ့ကြရသည်။ ၁၉၆၅ ခုနှစ်တွင် အိန္ဒိယအစိုးရ နှင့် မြန်မာအစိုးရတို့သည် နယ်စပ်ရှိ လက်နက်ကိုင် လှုပ်ရှားသူများအား နှစ်ဖက်ပူးပေါင်းနှိမ်နင်း ရန် သဘောတူခဲ့ကြသည်။ ထို့ကြောင့် ဦးဆွန်ခိုပေါင် နှင့် အခြားချင်း ခေါင်းဆောင်များအား ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။
ဦးဆွန်ခိုပေါင် သည်အဖမ်းခံရပြီး Imphal ထောင်တွင်တစ်နှစ်ခန့် အကျဉ်းချခြင်းခံရသည်။ ထိုနောက်အိန္ဒိယ အစိုးရမှ မြန်မာအစိုးရထံသို့ ၁၉၆၆ခုနှစ် သြဂုတ်လ ၁ဝ ရက်နေ့တွင် လွှဲအပ်ခဲ့ပြီး မန္တလေး ထောင်တွင် သူ့အား အကျဉ်းချ ခဲ့သည်။ ၁၉၇ဝ ဧပြီလ ၂၁ ရက်မှ ၁၉၇၁ နိုဝင်ဘာလ ၇ ရက်နေ့အထိ ချင်းပြည်နယ် ဖလမ်း တရားရုံးတွင် စစ်ဆေးခြင်း ခံရပြီးနောက် ၁၉၇၁ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် မုံရွာထောင်သို့ ပြောင်းရွှေ့ကာအကျဉ်း ချခြင်းခံရသည်။ ၁၉၇၄ ခုနှစ်တွင်တော်လှန်ရေး ကောင်စီအစိုးရသည် နိုင်ငံရေးအကျဉ်းသားများအား အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့်ပေးရာတွင် သူလည်း လွတ်မြောက်လာခဲ့သည်။
၁၉၇၄ခုနှစ် စက်တင်ဘာ ၃ ရက်နေ့တွင် လွတ်မြောက်လာခဲ့ပြီး ချင်းပြည် ရှိသူ၏ မိသားစုနှင့် ပြန်လည်တွေ့ဆုံခွင့်ရရှိခဲ့သည်။ ထောင်မှ လွတ်လာပြီး Pu Son Kho Pau သည် ချင်းပြည် ထုတ်လိုင်ရွာတွင် ချင်း တိုင်းရင်းဆေး လုပ်ငန်း များ လုပ်ကိုင်ခဲ့သည်။ ၁၉၇၇ ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ထုတ်လိုင် မှ တီးတိန်လမ်း ဖောက်လုပ်သည့် အလုပ်စခန်း သို့ မိမိကိုယ်ကိုယ်သွားရောက် လုပ်အား ပေးရန် အသွား လမ်းခုလတ် တွင် ရုတ္တရက် သေ ဆုံးခဲ့သည်။
Post a Comment