၁၉၄၅ ခုနှစ် ဂန္ဒီစာချုပ် (2)
ထို သေနတ်ကိုင်တပ်ရင်း (၁၅) ခုှတွင် ဗမာ့သေနတ်ကိုင်တပ်ရင်း (၆) ခု၊ ချင်းသေနတ်ကိုင်တပ်ရင်း (၂) ခု၊ ကချင်သေနတ်ကိုင်တပ်ရင်း (၂) ခု နှင့် ချင်းတောင်တပ်ရင်း (တင့်ကားဖျက်တပ်ရင်း)၊ ကရင်သေနတ်ကိုင်တပ်ရင်း (၃) ရင်း နှင့် ဗမာတပ်မတော်အမှတ် (၄) (ဂေါ်ရခါး) တပ်တို့ ပါဝင်ခဲ့သည်။ ဗိုလ်မှူး ဆွန်ခိုပေါင် သည် အသစ်ပြန်လည်ဖွဲ့စည်းထားသော ဗမာ့တပ်မတော်အတွင်းရှိ ချင်းသေနတ်ကိုင်တပ်ရင်း (၂)တွင် ဒုတပ်ရင်းမှူး အဖြစ်တာဝန်ယူဆောင်ရွက်ခဲ့သည်။
၁၉၄၈ ခုနှစ် မြန်မာပြည် လွတ်လပ်ရေးရသောအခါ ဗိုလ်မှူး ဆွန်ခိုပေါင် သည် ဒုဗိုလ်မှူးကြီး အဖြစ် ရာထူးတိုးမြှင့်ခြင်းခံခဲ့ရပြီး၊ ချင်းသေနတ်ကိုင်တပ်ရင်း (၂) ၏ တပ်ရင်းမှူး ဖြစ်လာခဲ့သည်။ ချင်းသေနတ်ကိုင် တပ်ရင်း (၂) မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး Dal Za Kam သည်လည်း ဗိုလ်မှူးကြီး (Colonel) အဖြစ် ရာထူးတိုး မြှင့်ခြင်းခံရပြီး ဗမာ့တပ်မဟာ အမှတ် (၂) တွင် ဗျူဟာမှူး (Tactical Commander) ဖြစ်လာခဲ့ပြီး Tactical Headquarter ပဲခူးသို့ တာဝန်ထမ်းဆောင်ခဲ့သည်။ ချင်းလူမျိုးများထဲတွင် ပထမဆုံး ဗိုလ်မှူးကြီးရာထူး ရရှိသူဖြစ်သည်။ ဒုဗိုလ်မှူးကြီး ဆွန်ခိုပေါင် သည် ဒုဗိုလ်မှူးကြီးအဖြစ် ရာထူးတိုးခံရပြီး ချင်းသေနတ်ကိုင်တပ်ရင်း (၂) အား ဦးဆောင်ကွပ်ကဲသည့်အချိန်တွင် သူသည် အသက် ၂၇ နှစ်သာရှိသေးသည်။
ရောင်စုံသူပုန်ခေတ် မှ ပြည်တွင်းစစ်ကြီးသို့
၁၉၄၈ ခုနှစ် မှစ၍ လွတ်လပ်စ ပြည်ထောင်စု မြန်မာနိုင်ငံသည် တည်ငြိမ်အေးချမ်းမှုမရှိဘဲ လူမျိုးစု အရေး နှင့် နိုင်ငံရေး အယူအဆရေးရာ ပဋိပက္ခပေါင်းစုံ တို့နှင့် ရင်ဆိုင် ခဲ့ရသည်။ ကရင်၊ မွန်၊ ရခိုင် တိုင်းရင်းသား များအတွက် တိကျသော နယ်နိမိတ်များ သတ်သတ်မှတ်မှတ် မရှိသေး သဖြင့် နိုင်ငံတော်အစိုးရ အတွက် ယင်း နယ်နိမိတ်ပြဿနာ များဖြေရှင်းရန် အတွက် တာဝန်ပိလျက်ရှိခဲ့သည်။
ဗမာပြည်လွတ်လပ်ရေး ရ ပြီးစ အချိန်တွင် လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်သော Karen National Defence Organization (KNDO), မွန်အမျိုးသား ကာကွယ်ရေးအဖွဲ့ (MNDO), ကွန်မြူနစ် (အလံနီတပ်)၊ ရခိုင်ကွန်မြူနစ်၊ မူဂျာဟစ်များ စသည်ဖြင့် မြန်မာ ပြည်ဒေသအသီးသီးတွင် ဗဟိုအစိုးရကို ပုန်ကန်ခြားနားကာ လက်နက်ကိုင် လှုပ်ရှားနေကြပြီဖြစ်သည်။
အာဏာရ ဖ.ဆ.ပ.လ အစိုးရ အတွင်းမှာပင် နိုင်ငံရေးအယူအဆ အမျိုးမျိုး ကွဲလွဲနေကြချိန်ဖြစ်သည်။ ၁၉၄၆တွင် ကွန်မြူနစ်ပါတီ (ဗမာပြည်) အတွင်း သခင်သန်းထွန်းဦးဆောင်သော အလံဖြူနှင့် သခင်စိုး ဦးဆောင်သော အလံနီဟူ၍ နှစ်ခြမ်းကွဲခဲ့သည်။ အလံဖြူသည် ဖဆပလ အဖွဲ့ဝင် အဖြစ်ဆက်လက် ရပ်တည်ခဲ့ ပြီး၊ အလံနီမှာမူ ၁၉၄၆ ခုနှစ် ဇူလိုင်လမှ စတင်ကာ အစိုးရအား ပုန်ကန်ကာ တောခိုခဲ့သည်။
သခင်သန်းထွန်း ဦးဆောင်သော အလံဖြူမှာ ဖဆပလ အတွင်းရှိ အကြီးအကဲများနှင့် ဆက်ဆံရေး ပိုမိုဆိုရွားလာခဲ့ပြီး ၁၉၄၈ ခုနှစ်မတ်လတွင် တောခိုသွားခဲ့ပြန်သည်။ ကွန်မြူနစ်တို့ တောခိုကြသောအခါ ကွန်မြူနစ်အပေါ် သံယောဇဉ် ရှိကြသော ပြည်သူ့ရဲဘော်များလည်း တလှုပ်လှုပ်တရွရွ ဖြစ်လာကြသည်။ ၁၉၄၅ ကန်ဒီစာချုပ်အပြီးတွင် Burma National Army မှတပ်သား ၃၅၆၁ ဦးသည် ဗြိတိသျှတို့ဖွဲ့စည်းထားသော ခေတ်သစ်ဗမာ့တပ်မတော်တွင် ပါဝင်ခြင်းမရှိဘဲ ကနဦးပိုင်းတွင် စစ်မှုထမ်း ဟောင်း အသင်းအဖြစ်၎င်း၊ နောက် ပိုင်းတွင် ပြည်သူ့ရဲဘော်တပ်ဖွဲ့ (People Volunteer Army) အဖြစ် ဗိုလ်ချုပ်အောင်ဆန်းမှဖွဲ့စည်းခဲ့သည်။
ဖဆပလ အဖွဲ့ အတွင်းမှာတင် ဗမာ ဆိုရှယ်လစ်ပါတီ နှင့် ပြည်သူ့ရဲဘော်တပ်ဖွဲ့ တို့၏ ပဋိပက္ခ သည် ထိပ်ဆုံးသို့ရောက်ရှိခဲ့သည်။ ထိုကြောင့် ကွန်မြူနစ် များနှင့် ညီညွတ်ရေး ပြန်လည် တည်ဆောက်ရန်အတွက် လက်ဝဲညီညွတ်ရေး အတွက် ဖဆပလ၊ ပြည်သူ့ရဲဘော် နှင့် ဆိုရှယ်လစ် တို့ကကြိုးပမ်းခဲ့ ကြသော်လည်း မအောင်မြင်ခဲ့ပေ။ နောက်ဆုံးတွင် ပြည်သူ့ရဲဘော်တပ်ဖွဲ့သည် နှစ် ခြမ်းကွဲ ခဲ့ကြပြီး ရဲဘော်ဖြူသည် ကွန်မြူနစ်ပါတီနှင့် ပူးပေါင်းကာ တောခိုခဲ့ကြသည်။ ကျန်ပြည်သူ့ ရဲဘော် တပ်ဖွဲ့ဝင်များ မှာ ပြည်ထောင်စု အစိုးရဘက်တွင် ရပ်တည်ခဲ့သည်။
Post a Comment