ရောင်စုံသူပုန်ခေတ် မှ ပြည်တွင်းစစ်ကြီးသို့(3)
၁၉၄၈ခုနှစ် သြဂုတ် ၁၈ တွင် သရက်မြို့၌ တပ်ချထားသော ဗမာ့သေနတ်ကိုင်တပ်ရင်း (၁)၊ ဗမာ့သေနတ်ကိုင် တပ်ရင်း (၃) ၏ တဝက်ခန့်နှင့် ဗမာ့ သေနတ်ကိုင်တပ်ရင်း (၆) မှ အချို့တို့သည်လည်း ဗမာပြည်ကွန်မြူနစ်ပါတီ (ဗ.က.ပ) နှင့် ပူးပေါင်းပြီး တောခိုခဲ့ကြသည်။ ဗမာ့တပ်မတော်တွင် ဗမာ့သေနတ်ကိုင် တပ်ရင်း ( ၄)၊ တပ်ရင်း (၂)၊ တပ်ရင်း ( ၅) နှင့် တပ်ရင်း (၃) မှ ထက်ဝက်ခန့် နှင့် တပ်ရင်း (၆) မှ အချို့တို့သည် ပြည်ထောင်စု အစိုးရဘက်တွင် ရပ်တည်ခဲ့ကြသည်။ အခြားကြီးမားသော တိုင်းရင်းသားသေနတ်ကိုင်တပ်ရင်း များဖြစ်ကြသော ကရင်၊ ကချင် နှင့် ချင်းတပ်ရင်း တို့သည်လည်း ပြည်ထောင်စုအစိုးရဘက်တွင် သစ္စာရှိစွာ ရပ်တည်ခဲ့ကြသည်။
လွတ်လပ်သောဗမာပြည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ၊ ပြည်ထောင်စုအတွင်း ကရင်ပြည်နယ်ဖွဲ့စည်းရန် ဖြစ်သော်လည်း နယ်နိမိတ်ပြသနာများအား ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပေ။ လွတ်လပ်ရေး ရခါစတွင် ကရင်အရေးကို ကရင်ရေးရာကောင်စီက တာဝန်ယူခဲ့သည်။ ကရင်အမျိုးသား များ သည်လည်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လက်ခံသဘောတူ ခြင်းမရှိဘဲ ကရင်ပြည်နယ် ရရှိရေး ကို တစ်ခဲနက်တောင်းဆိုခဲ့ကြသည်။
ဒုတိယကမ္ဘာစစ်အတွင်းတွင် ကရင်အမျိုးသားတို့သည် ဗြိတိသျှတို့ လက်အောက်တွင် သစ္စာရှိစွာ အမှုထမ်းခဲ့ကြသည်။ ဗြိတိသျှတို့ အိန္ဒိယသို့ ဆုတ်ခွာသောအခါ ကရင်ရွာများသည် သူတို့၏ မိသားစုနှင့် ရွာများအား ကာကွယ်ရန်အတွက် လက်နက်စွဲကိုင်ခဲ့ကြသည်။ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) နှင့် ဂျပန်တပ်မတော် တို့ ဗမာပြည်အား ဗြိတိသျှတို့ထံမှ သိမ်းယူပြီးသောအခါ BIA သည် ကရင်ရွာများထံမှ လက်နက်များသိမ်းယူရန် ကြိုးပမ်းခဲ့သည်။
သို့သော် ကရင်ရွာသားများက လက်နက်ချရန် ငြင်းဆန်သဖြင့် BIA တပ်နှင့် ကရင်လက်နက်ကိုင်များကြား ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပေါ်လာခဲ့ပြီး၊ ထိုမှတစ်ဆင့် ကရင် နှင့် ဗမာကြား ပြင်းထန်သော လူမျိုးရေး အဓိကရုဏ်းများ ဖြစ်ပေါ်ခဲ့ရသည်။ ကရင်လူမျိုးနှင့် ဗမာလူမျိုး တစ်ဖက်နှင့် တစ်ဖက် ရက်စက်စွာ သတ်ဖြတ်ခဲ့ကြပြီး ရွာပေါင်းများစွာ ပြာကျကာ ထောင်ပေါင်းများစွာသောလူများ သေကြေပျက်စီးခဲ့ကြရသည်။
ကရင်နှင့် ဗမာလူမျိုးအကြား အဓိကရုဏ်များနှင့် မငြိမ်သက်မှုများ၏ ရလဒ်အဖြစ် ကရင်အမျိုးသားဝါဒ ကြီးထွားလာပြီး လူများစုဗမာတို့၏ ခြိမ်းခြောက်မှုကို ထိရောက်စွာ တုံ့ပြန်ရန်အတွက် အမျိုးမျိုးသော ကရင်အုပ်စုများ ဖွဲ့စည်းခဲ့ ကြပြီး ၁၉၄၇ တွင် Karen Central Organization, Burma Karen National Association, Karen Youth Organization နှင့် Karen National Association စသည့် ကရင် အဖွဲ့အစည်း များအား စုစည်းကာ Karen National Union (KNU) စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။
လူသိများထင်ရှားသော ရှေ့နေ နှင့် ကရင်နိုင်ငံရေးသမား စောဘဦးကြီးသည် KNU ၏ ပထမဦးဆုံးသော ဥက္ကဌ ဖြစ်ခဲ့သည်။ KNU တည်ထောင်ပြီး ၁၉၄၇ ခုနှစ် ဧပြီလ ၁၆ တွင် KNU ၏ လက်နက်ကိုင်အဖွဲ့အစည်း Karen National Defense Organization (KNDO) အားတည်ထောင်ခဲ့ကြသည်။
ယခင်က လက်နက်ကိုင် ရွာသားများသည် KNDO တွင် ပါဝင်လာကြပြီး အဖွဲ့အစည်းအင်အားသည် လျင်မြန်စွာ ကြီးထွားလာခဲ့သည်။ KNDO ၏ ပြည်ထောင်စုအစိုးရအား တောင်းဆိုချက်မှာ မြစ်ဝကျွန်းပေါ် ဒေသအပါအဝင်၊ ဗမာပြည် အောက်ပိုင်း အားလုံးနီးပါးအား လွတ်လပ်သောကရင်ပြည်နယ်အဖြစ်ပေးရန် ဖြစ်သည်။ ထိုတောင်းဆိုချက် အား ဗမာပြည် အစိုးရမှ ငြင်းပယ်လိုက်သောအခါ နှစ်ဦးနှစ်ဖက်ကြားတွင် တင်းမာမှုများ ကြီးထွားလာခဲ့သည်။
သထုံ နှင့် မော်လမြိုင်ဘက်မှ KNDO နှင့် MNDO တို့၏လှုပ်ရှားမှုမှာလည်း ၁၉၄၈ နှစ်ကုန်ပိုင်းတွင် အဆိုးဆုံး အခြေအနေသို့ရောက်ရှိခဲ့ရသည်။ သထုံဘက်မှ KNDO တပ်များက သထုံခရိုင်ကို သိမ်းပိုက် လိုက်ပြီး MNDO နှင့် KNDO တို့ကလည်း မော်လမြိုင်ကို သိမ်းပိုက်ခဲ့သည်။ ၎င်းတို့အား ပြန်လည် တိုက်ထုတ်ရန်အတွက် ဒုဗိုလ်မှူးကြီးသိန်းနိုင် ဦးစီးသော ကချင်သေနတ်ကိုင်တပ်ရင်း (၂) နှင့် ဒုဗိုလ်မှူးကြီး ဆွန်ခိုပေါင် ကွပ်ကဲသော ချင်းသေနတ်ကိုင်တပ်ရင်း (၂) တို့ကို စစ်ရုံးချုပ်မှ မော်လမြိုင်သို့ စေလွှတ်ခဲ့သည်။
ချင်းတပ်ရင်း (၂) သည် ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ဒုတိယ အပတ်တွင် ပြည်မြို့မှ မော်လမြိုင်သို့ သင်္ဘောဖြင့် ထွက်ခွာခဲ့ကြသည်။ မော်လမြိုင်ရောက်ရောက်ချင်း မြို့တစ်ဝိုက်တွင် ကာကွယ်ရေးအတွက် ခံတပ်များဆောက်လုပ်ပြီးနောက် နီးရာဒေများရှိ KNDO နှင့် MNDO တို့ထံတွင် ချစ်ကြည်ရေးခရီးစဉ်များ စေလွှတ်ရင်း ဒေသလုံခြုံရေးအတွက် ကြိုးပမ်းခဲ့ကြသည်။
ထိုဒေသအား ချင်းတပ်ရင်း (၂) မှ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြပြီး မော်လမြိုင်ခရိုင်တစ်ခုလုံး တရားဥပဒေ ပြန်လည်စိုးမိုး စေနိုင်ခဲ့သည်။ မော်လမြိုင် ဒေသဝန်းကျင် လုံခြုံရေးအတွက် ကချင်သေနတ်ကိုင်တပ်ရင်းမှ တာဝန်ယူခဲ့ပြီးနောက်၊ ချင်းသေနတ်ကိုင်တပ်ရင်း (၂) သည်ကျိုက္ခမီ၊ သထုံနှင့် တနင်္သာရီ ပတ်ဝန်းကျင်ရှိ KNDO နှင့် MNDO အားဆက်လက်နှိမ်နင်းရာ၊ ၎င်းတို့လက်အောက်မှ ထိုဒေသများအား ပြန်လည် ရယူနိုင်ခဲ့ကြသည်။
ထိုသို့ ချင်းတပ်ရင်း (၂) သည်မြန်မာပြည်တောင်ဘက်သို့ စစ်ဆင်နေချိန်တွင် ဗမာ့တပ်မတော် နှင့် အင်းစိန် တွင် တပ်စွဲထားသော KNDO တို့အကြား တင်းမာမှုအမြင့်ဆုံးအခြေအနေသို့ ရောက်ရှိခဲ့သည်။ ၁၉၄၈ နှစ်ကုန်ပိုင်းတွင်ပင် ပြည်တောင်စုအစိုးရမှ တောခိုသွားသော ဗမာပြည်ကွန်မြူနစ်ပါတီ တို့အား ပြည်မြို့တစ်ဝိုက်တွင် နှိမ်နင်းသောအခါ ရန်ကုန်မြို့ရှိ အစိုးရတပ်များကိုပါ စစ်ဆင်ရေးအတွက် စေလွှတ်ခဲ့ ကြသည်။
KNDO တို့သည်လည်း ထိုအခိုက်အတန့်တွင် စစ်ပွဲအတွက်သော်လည်းကောင်း၊ ငြိမ်းချမ်း ရေး အတွက်သော်လည်းကောင်း အသုံးချနိုင်သောခြေအနေတွင်ရှိပြီး အစိုးရစစ်တပ်များ တပ်စွဲ မထားနိုင် သည့် နေရာများတွင် မြို့စောင့်တပ်များအဖြစ် အသုံးပြုရန် ထိုစဉ်က ဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးလည်းဖြစ်သော ဦးနုထံ၌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်စမစ်ဒွန်းက အဆိုပြု တင်ပြ ခဲ့သည်။ ထို KNDO များကို ငြိမ်းချမ်းရေးအတွက် အသုံးပြုလိုကြောင်း နှင့် သူတို့၏သစ္စာရှိမှုနှင့် ယုံကြည် စိတ်ချ ရမှုအတွက် သူကိုယ်တိုင် အာမခံ၊ ကတိပြုခဲ့သည်။ ဝန်ကြီးချုပ်က KNDO အား ရန်ကုန်မြို့ လုံခြုံရေးအတွက် အသုံးပြုရန် သဘောတူခဲ့သည်။
KNDO တို့သည် တွံတေးမြို့အား ကွန်မြူနစ်တို့ထံမှ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် တွံတေးမြို့၏ မြို့စောင့်တပ်အဖြစ် ဆောင်ရွက်ရန် ဗိုလ်ချုပ်စမစ်ဒွန်းမှ အမိန့်ပေးခဲ့သည်။ KNDO တို့ တွံတေးမြို့အား သိမ်းပိုက်ပြီးသောအခါ လက်နက်များကို ရန်ကုန်ရှိ ကရင်ခြံဝင်းအတွင်း တွံတေးတူးမြောင်းမှတဆင့် သယ်ဆောင်ခဲ့ကြသည်။ ၁၉၄၉ ခုနှစ်တွင် လက်နက် အပြည့် အစုံ တပ်ဆင်ထားသော တပ်သား (၁ဝဝဝဝ) ထက်မနည်းသည့် KNDO တပ်ဖွဲ့များသည် ရန်ကုန်မြို့၏ အချက်အချကျသော နေရာများတွင် တပ်စွဲထားသောကြောင့် လူထုက မနှစ်မြို့ခဲ့ကြပေ။
ပြည်တွင်းစစ်ကြီးစတင်ချိန် တွင် ဗိုလ်မှုးကြီး ဆွန်ခိုပေါင် နှင့် ချင်းသေနတ်ကိုင်တပ်ရင်း (၂) သည် မော်လမြိုင်တွင် တပ်စွဲနေချိန်ဖြစ်သည်။ ၁၉၄၉ ဖေဖေါ်ဝါရီလမှစပြီး KNDO တို့သည် အင်းစိန် တစ်ခုလုံး ထိန်းချုပ်ထားကြသည်။ ပြည်တောင်စုအစိုးရတပ် မှ ကရင်သေနတ်ကိုင်တပ်ရင်း နှစ်ရင်းသည် လည်း အစိုး ရအား ပုန်ကန်ပြီး KNDO တို့နှင့်ပူးပေါင်းကာ သူတို့တပ်စွဲရာနေရာဖြစ်သော ပြည်မြို့ နှင့် တောင်ငူမြို့ တို့ အား သိမ်းပိုက်ခဲ့ကြသည်။ ၎င်းနောက် ရန်ကုန်အင်းစိန်ရှိ KNDO တပ်တို့နှင့် ပူးပေါင်းရန် ဆုန်ဆင်း ခဲ့ကြသည်။
ရန်ကုန်ရှိ KNDO တပ်တို့သည်လည်း ပြည်တောင်စုအစိုးရတပ်များဖြစ်သော ချင်း သေနတ်ကိုင် တပ်ရင်း (၁) နှင့် ဗမာ့တပ်ရင်း (၅) တို့နှင့် ရန်ကုန် ၏ ဆင်ခြေဖုံးဒေသဖြစ်သော သမိုင်း နှင့် ခဝဲခြံ တစ်ဝိုက်တွင် ပြင်းပြင်းထန်ထန် တိုက်ပွဲများဖြစ်ပွား ခဲ့ကြသည်။ ဝန်ကြီးချုပ်ဦးနုသည် အင်းစိန် တိုက်ပွဲ အတွက် အင်းစိန်စစ်မျက်နှာတွင် အင်အားဖြည့်တင်းရန် ပြင်ဆင်ရတော့သည်။ တဆက်တည်းတွင် ဗိုလ်ချုပ် နေဝင်းသည် ဗိုလ်မှူးကြီး ဆွန်ခိုပေါင် နှင့် သူတပ်ရင်းတစ်ရင်းလုံးအား အင်းစိန်စစ်မျက်နှာတွင် တိုက်ပွဲဝင်ရန် အမိန့်ပေးခဲ့သည်။
ဗိုလ်မှူးကြီး ဆွန်ခိုပေါင် သည် သူ၏ တပ်ရင်းတစ်ရင်းလုံးနှင့်အတူ မော်လမြိုင်လေဆိပ်မှ သုံးရက်အတွင်း စစ်လေယာဉ်ဖြင့် အခေါက်ပေါင်း လေးခေါက်ဆွဲကာ မင်္ဂလာဒုံ လေဆိပ်သို့ ရောက်ရှိခဲ့ကြသည်။ ဤသို့ဖြင့် မတ်လ ဒုတိယအပတ်တွင် ဗိုလ်မှူးကြီး ဆွန်ခိုပေါင် နှင့် ဒုတပ်ရင်းမှူး ဗိုလ်မှူး သွာလ်ခုပ်တို့ ဦးဆောင်သော ချင်းတပ်ရင်း (၂) သည် စော်ဘွားကြီးကုန်းတွင် စစ်မျက်နှာ အသစ်ထပ်ဖွင့်ကာ KNDO နှင့် ပြင်းပြင်းထန်ထန် ရင်ဆိုင်နေရသော ချင်းတပ်ရင်း (၁) နှင့် အခြား ပြည်ထောင်စုတပ်ရင်းများအား အသက်ရှူချောင်စေခဲ့သည်။
ချင်းတပ်ရင်းများနှင့် ပြည်ထောင်စု တပ်ရင်းများသည် KNDO တို့အားအင်းစိန်မှ တစ်ဖြည်းဖြည်း တိုက်ထုတ်နိုင်ခဲ့ပြီး၊ မေလ ဒုတိယ အပတ်တွင် ချင်းတပ်ရင်းများသည် မင်္ဂလာဒုံ၊ စဉ့်ကူး၊ ဖော့ကန်၊ အောင်ဆန်းဒေသတို့မှ KNDO တို့အား တိုက်ထုတ် နိုင်ခဲ့သည်။ မေလ ၂၁ ရက်နေ့တွင် အင်းစိန်ရှိ စွတ်ကြယ်စက်ရုံတိုက်ပွဲအား ချင်းတပ်ရင်းများမှ အောင်မြင် စွာ အနိုင်ရပြီးနောက် ၁၉၄၉ ခုနှစ် ဧပြီလ ၂ ရက်နေ့တွင် KNDO တို့အား အင်းစိန်မှ တိုက်ထုတ် နိုင်ခဲ့ကြသည်။ ဤသို့ဖြင့် ချင်းတပ်ရင်း များသည် ပြည်ထောင်စုကြီးပြိုကွဲမည့်အရေးမှ ကာကွယ်ရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည်။
ချင်းသေနတ်ကိုင်တပ်ရင်း တို့သည် အမိပြည်ထောင်စုမြန်မာနိုင်ငံတော် မပြိုကွဲရေးအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ကြသည်။ ချင်းသေနတ်ကိုင် တပ်ရင်းမှူးများဖြစ်ကြသော ဒုဗိုလ်မှူးကြီးဟရန်ထီယိုး၊ ဒုဗိုလ်မှူးကြီး ဆွန်ခိုပေါင် နှင့် ဒုဗိုလ်မှူးကြီး လျန်ကျင်ဇမ် တို့သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအား မပြိုကွဲရန် ကာကွယ်သူများထဲတွင် အဓိကဇတ်ဆောင်များ ဖြစ်ခဲ့ကြသည်။
ထို့အပြင် ဗမာ့သေနတ်ကိုင်တပ်ရင်းများထဲမှ ချင်းတပ်ခွဲတို့သည်လည်း အသက်ပေး တိုက်ပွဲဝင်ခဲ့ကြသည်။ တမ်မတော်စစ်ရုံးချုပ် (War Office) မှတ်တမ်းအရ ၁၉၄၈ ဇန်နဝါရီလမှ ၁၉၅၀ ခုနှစ်အထိ ပြည်ထောင်စုအတွက် ချင်းတပ်ရင်းများမှ ၁၇၇ ဦးကျဆုံး၊ ၁၅၃ ဒဏ်ရာရ၊ ၁၆ဦး ပျောက်ဆုံးခဲ့သည်ဟု ဖော်ပြသည်ကိုတွေ့ရှိနိုင်သည်။
၁၉၄၉ ခုနှစ်သည် ချင်းသေနတ်ကိုင်တပ်ရင်းများ၏ စစ်အရည်အသွေးများ မှတ်ကျောက်တင်ရသောနှစ်ဖြစ်သည်။ အင်းစိန်တိုက်ပွဲတွင် ဒုဗိုလ်မှူးကြီးဟရန်ထီးယိုး ကွပ်ကဲသော ချင်းသေနတ်ကိုင်တပ်ရင်း (၁) မှ အရာရှိခြောက်ဦး တို့သည် မြန်မာနိုင်ငံ သူရသတ္တိဆိုင်ရာ စွမ်းရည်ဘွဲ့တံဆိပ်များတွင် အမြင့်မားဆုံးဖြစ်သော အောင်ဆန်းသူရိယ၊သီဟသူရ နှင့် သူရဘွဲ့များ အသီးသီးဖြင့် ဂုဏ်ပြု၊ချီးမြှင့်ခြင်းခံခဲ့ရသည်။
ထိုဘွဲ့များသည် မိမိအသက်အန္တရယ် ကိုမငဲ့ကွက်ပဲ၊ ကျရောက်သည့်တာဝန်ကို အထူးကျေပွန်စွာ ထမ်းဆောင်သော တပ်မတော်သားများ နှင့် အရပ်သူအရပ်သားများအား ချီးမြှင့်ခြင်းပင် ဖြစ်သည်။ ထိုဘွဲ့ရရှိသူများမှာ ဗိုလ်ကြီးတိုက်ချွန်း (အောင်ဆန်းသူရယ နှင့် သူရ)၊ ဒုဗိုလ် Ca Thuan (သီဟသူရ)၊ ဗိုလ် Hniar Ceu (သူရ), ဗိုလ် Thang Sui (သူရ), ဗိုလ် Ngun Nawl (သူရ) နှင့် ဗိုလ် Run Ling (သူရ) တို့ဖြစ်ကြသည်။
ဗမာ့သေနတ်ကိုင်တပ်ရင်း (၂) မှ ချင်းတိုင်းရင်းသား ဒုတပ်ကြပ် Za Kaia သည်လည်း သီဟသူရဘွဲ့ဖြင့် ချီးမြှင့်ခြင်းခံရသည်။ မြန်မာတနိုင်ငံလုံး သမိုင်းတလျောက်တွင် အောင်ဆန်းသူရိယ ဘွဲ့ရရှိသူမှာ (၆)ဦးသာရှိပြီး အသက်ရှင်လျှက်နှင့်လက်ခံရရှိသူမှာ ချင်းသေနတ်ကိုင်တပ်ရင်း (၁)မှ ဗိုလ်ကြီးတိုက်ချွန်းတစ်ဦးတည်းသာ ဖြစ်သည်။
ဒုဗိုလ်မှူးကြီး ဆွန်ခိုပေါင် ကွပ်ကဲသော ချင်းသေနတ်ကိုင်တပ်ရင်း (၂) မှလည်း အရာရှိ နှင့်စစ်သား (၆၄) ဦးတို့မှ သူရတံဆိပ်ရရှိသူ (၁၂) ဦး၊ စတုတ္ထအမြင့်ဆုံးဘွဲ့ဖြစ်သော သူရဲကောင်းမှတ်တမ်းတင်ဆုရရှိသူ (၂၄) ဦး၊ ပဉ္စမ အမြင့်ဆုံးဘွဲ့ဖြစ်သော Supreme Commander‘s Certificate of Gallantry Award (SCCOG) ရရှိသူ (၂၇)ဦး နှင့် ဆဋ္ဌမ အမြင့်ဆုံးဘွဲ့ဖြစ်သော Certificate of Honour (COG) ရရှိသူ (၁) ဦး တို့ဖြစ်ကြသည်။
Post a Comment